ဘန်ကောက်၊ နိုဝင်ဘာ ၉

ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ လူနည်းစု တိုင်းရင်းသား တော်တော်များများကို နိုင်ငံသား ဖြစ်ခွင့်ပြုဖို့ ထိုင်းအစိုးရရဲ့ မကြာသေးခင်က ဆုံးဖြတ်ချက်ကို ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင် NHRC က နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်။

ဝန်ကြီးများအဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ ကြေညာခဲ့တဲ့ အဲဒီအစီအစဉ်က ထိုင်းနိုင်ငံမှာ ရေရှည် နေထိုင်နေသူတွေ ဒါမှမဟုတ် ထိုင်းနိုင်ငံမှာ မွေးဖွားသူ ၄၈၃၀၀၀ ကျော်ကို ထိုင်းနိုင်ငံသား ဖြစ်ခွင့်ပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

အမျိုးသား လုံခြုံရေးကောင်စီက အဆိုပြုခဲ့တဲ့ ဒီမူဝါဒအရ လူနည်းစု တိုင်းရင်းသားတွေကို တရားဝင် နိုင်ငံသားအဖြစ် ခွင့်ပြုရေး စီစဉ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ပြန်လည် ပြင်ဆင်ထားတဲ့ မူဝါဒအရ လျှောက်ထားသူတွေအနေနဲ့ သူတို့ သတ်မှတ်ချက် အရည်အချင်းနဲ့ ပြည့်စုံကြောင်း၊ ရာဇဝတ်မှုဆိုင်ရာ နောက်ကြောင်း ရာဇဝင်တို့ကို ကိုယ်တိုင် ရှင်းလင်း အတည်ပြုရမှာ ဖြစ်ပြီး အေဂျင်စီ အမျိုးမျိုးရဲ့ ရှည်ကြာတဲ့ စစ်ဆေးမှု လုပ်ငန်းစဉ် လိုအပ်တော့မှာ မဟုတ်ပါဘူး။

၂၀၁၉ ခုနှစ်က ဂျီနီဗာမှာ ကျင်းပခဲ့တဲ့ နိုင်ငံမဲ့ဖြစ်မှု ကင်းစင်ရေး ညီလာခံမှာ ထိုင်းနိုင်ငံက နိုင်ငံမဲ့မှု ကင်းစင်ရေး ၂၀၂၄ ခုနှစ်မှာ အပြီးသတ် ဆောင်ရွက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

လက်ရှိ ထိုင်းမှာ သူတို့ရဲ့ အခြေအနေကို အတည်ပြုဖို့ စောင့်နေသူ စုစုပေါင်း ၈၂၀,၀၀၀ ကျော် ရှိပြီး အဲဒီထဲက လူပေါင်း ၄၈၀,၀၀၀ ကျော်ဟာ နိုင်ငံသားဖြစ်ခွင့် ရရှိမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ပြောကြားခဲ့ပါတယ်။

ဒီအစီအစဉ်က နိုင်ငံတကာ လူ့အခွင့်အရေး အခြေခံမူတွေနဲ့အညီ ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ၊ နိုင်ငံတကာ အရပ်ဖက်နဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး သဘောတူညီမှုတို့နဲ့အညီ ဖြစ်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

ဒီလုပ်ငန်းစဉ်ကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကြိုဆိုပေမယ့် တလွဲ အသုံးမချစေရေး အကျင့်ပျက် ခြစားမှု မရှိစေရေး သေချာအောင် ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

အားလုံး တန်းတူညီမျှ ဖြစ်ရေး ရည်မှန်းချက် အောင်မြင်အောင် ဒီမူဝါဒကို အကောင်အထည် ဖော်ဖို့ လူ့အခွင့်အရေး ကော်မရှင်က အစိုးရကို တိုက်တွန်းထားပါတယ်။

Ref: Thethaiger/Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.