သံဖြူဇရပ်၊ နိုဝင်ဘာ ၈

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

တပ်အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး စခန်းကြီးကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတာပါ။

နိုဝင်ဘာ ၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သလို သံဖြူဇရပ်မြို့နယ် ဝဲကလိတပ်နယ်ကလည်း လက်နက်ကြီး ပစ်ကူပေးခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေဟာ နိုဝင်ဘာ ၇ ရက်နေ့မှာလည်း ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီစစ် ကြောင်းဟာ ဇီးနှစ်ပင်ကျေးရွာထဲ ပိတ်မိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲကြောင့် စခန်းကြီး၊ ဇီးနှစ်ပင်၊ ရဲတံခွန်၊ ရွာသစ်၊ ပယော်ဟဲကျေးရွာက ဒေသခံတွေ ရွာလုံး ကျွတ်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအနီးဝန်းကျင်ဒေသဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းတွေဖြစ်တဲ့ ကျားဖြူ၊ နဂါးနီးစစ်ကြောင်းတွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီဘက်က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.