သရက်ချောင်း၊ နိဝင်ဘာ ၇
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာနဲ့သင်းကျွန်းရွာကြားမှာ စစ်ကောင်စီကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက သတင်းထုတ်ပြန်ပါ တယ်။
နိုဝင်ဘာ ၆ ရက်နေ့ မနက် ၉ နာရီကျော်ခန့်က သရက်ချောင်းဘက်ကနေ ထားဝယ်ဘက်ကို မြေသယ်ယာဉ်နှစ်စီးနဲ့ အင်အား ၅၀ ကျော်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းလေးလုံးဆွဲပြီး တိုက် ခိုက်ခဲ့တာပါ။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကားတစ်စီး ထိမှန်ထိုးရပ်သွားပြီးနောက် စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်ကို သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ကောင်စီတပ်သားသုံးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တယ်လို့ စစ်ကောင်စီတပ်တွင်း သတင်းပေးတွေရဲ့ ပြန်လည်ပြောပြချက်အရ သိရတယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က ရမ်းသမ်းပစ်ခတ်လိုက်တဲ့ ကျည်ဆံဟာ မိုင်းဆွဲခံရတဲ့နေရာနဲ့ ကိုက် ၂၀၀ ခန့်အကွာ ကားလမ်းဘေး ထန်းရည်ဆိုင်ဖွင့်ထားတဲ့ အသက် ၄၀ အရွယ် ဒေါ်မဝေရဲ့ ပေါင်မှာ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
ကျည်ထိသွားတဲ့ အမျိုးသမီးကိုတော့ ဒေသခံတွေက ထားဝယ်ပြည်သူ့ဆေးရုံကို အရေးပေါ်ပို့ ဆောင်ပေးခဲ့ရပြီး ဆေးကုသမှုခံယူနေရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ဥတ္တူရွာထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ရွာသားတစ်ဦးကို ပစ်သတ်ပြီး နေအိမ် ၁ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media