မော်လမြိုင် ၊ နိုဝင်ဘာ ၈
မွန်ပြည်နယ်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဒေသတွင်းရှိ စိုက်ပျိုးရေးကဏ္ဍအပေါ် ထိ ခိုက်မှုတွေရှိနေပြီး ရာသီပေါ် သီးနှံတချို့ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်လို့ စိုက်ပျိုးရေးလုပ်ကိုင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အောက်တိုဘာလအလယ်နဲ့ နိုဝင်ဘာပထမအပတ်အတွင်း မွန်ပြည်နယ်ရဲ့ မြို့နယ်အားလုံးမှာ အချိန် အခါမဟုတ် မိုးရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်မှုတွေနဲ့ ကြုံနေရတာပါ။
မိုးရွာသွန်းမှုကြောင့် ဒေသတွင်းရှိ အဓိက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ရော်ဘာလုပ်ငန်းကလည်း အစေးမခြစ်နိုင်ဘဲ လုပ်ငန်းတွေ ယာယီရပ်နားထားရပါတယ်။
ရော်ဘာခြံရှင်တစ်ဦးကတော့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရော်ဘာအစေးလှီးရတဲ့ ရက်ပေါင်း ၃၀ မှာ ရက်ပေါင်း ၂၅ ရက် လုပ်ငန်းရပ်ထားရတဲ့ အခြေအနေနဲ့ကြုံနေရတယ်လို့ ပြောပါတယ်။
“ရာသီအစမှာ ဘာအခက်အခဲရှိလည်းဆိုတော့ လောလောဆယ်မှာ ကျွန်တော်တို့က မိုးက မကုန် သေးဘူးပေါ့ဗျာ။ အဲဒီတော့ အစေးလှီးတဲ့ ရက် ၃၀ နီးပါးလောက် ရတဲ့အချိန်မှာ အခုကျွန်တော်တို့က အစေးလှီးရက် ၅/၁၀ ရက်လောက်ပဲ အလွန်ဆုံးရတယ်။ အဓိကအခက်အခဲကတော့ ရော်ဘာအစေးလှီးလို့ မရတာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် ရာသီဥတုဖောက်ပြန်ပြီး မိုးရွာသွန်းနေတဲ့အတွက် ရော်ဘာစေးခြစ်ရာမှာ မိုးရေဝင်ရောက်ပြီး ပျက်စီးဆုံးရှုံးမှုရှိသလို နေလှန်းလို့မရတာကြောင့်လည်း ထင်သလောက် ရော်ဘာပြား မထွက်နိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။
ဒေသတွင်းမှာထွက်ရှိတဲ့ စိုက်ပျိုးရေးထုတ်ကုန်ဖြစ်တဲ့ စပါးတွေဟာ စပါးရိတ်သိမ်းချိန်ကာလ ဖြစ်ပေမယ့် အချိန်အခါမဟုတ် မိုးရွာသွန်းနေတာကြောင့် အချိန်မီမရိတ်သိမ်းနိုင်ဘဲ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ နေရတာပါ။
“ပျက်စီးဆုံးရှုံးမှုကတော့ တော်တော်များများ ရှိသွားပြီ။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ ဟိုရက်တွေက မိုးရွာလေထန်တော့ စပါးတွေက အကုန်းလုံး ပြားနေတယ်။ ပြားနေတဲ့အချိန်မှာ အခုတစ်ခါရိတ်တဲ့အချိန်မှာ မိုးကတစ်ခါရွာ ရေကတစ်ခါများဆိုတော့ တစ်ဧကကို ၁၀ တင်း ဝန်းကျင်လောက် ပျက်စီးဆုံးရှုံးမှုက အနည်းဆုံးရှိတယ်။ ရိတ်ပြီးပြန်ရင်လည်း ဒီစပါးကအချိန်နဲ့အခါနဲ့ လှန်းလို့မရဘူး”လို့ စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
မိုးစပါးတွေဟာ ပြီးခဲ့တဲ့လတွေတုန်းကလည်း ရေကြီးနစ်မြှုပ်မှုဒဏ်နဲ့ ပိုးကျမှုဒဏ်တွေကို ခံခဲ့ရတဲ့အပြင် အခုတစ်ခါ ရိတ်သိမ်းချိန်မှာ မိုးရွာသွန်းပြီး ပျက်စီးမှုရှိတာကြောင့် အရှုံးနဲ့ရင်ဆိုင်နေရပြီး ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
မိုးဇလရဲ့ ထုတ်ပြန်ချက်အရ တောင်တရုတ်ပင်လယ်ပြင်မှာ ရွေ့လျားလာတဲ့ လေပွေလှိုင်း၊ ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးအပြင် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့ လျားလာတဲ့ လေအေးတွေကြောင့် လေထုမငြိမ်မသက် ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
လေထုမငြိမ်မသက်မှုကြောင့် မွန်ပြည်နယ် အပါအဝင် နိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးနီးပါးမှာ နိုဝင်ဘာ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်ဟာ စိုက်ပျိုးရေးကဏ္ဍအနေနဲ့ စပါး၊ရော်ဘာ၊ ခြံထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်တို့ကို စိုက်ပျိုးလုပ်ကိုင်နေတာဖြစ်ပြီး ထွက်ရှိလာတဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို ဒေသတွင်းအ ပြင် ပြည်ပသို့ တင်ပို့ရောင်းချနေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ