မော်လမြိုင်၊ နိုဝင်ဘာ ၇

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလတစ်လအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ်သား ၁၀ ဦး သေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေရှင်းက နိုဝင်ဘာ ၆ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။

အစီရင်ခံစာအရ ထိခိုက်သေဆုံးရတဲ့သူတွေဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် ဖမ်းဆီးသတ် ဖြတ်ခံရတာ၊ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့်လို့ ဆိုပါတယ်။

အောက်တိုဘာလအတွင်း မြန်မာပြည်တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်မြင့်နေသလို စစ်ကောင်စီရဲ့ စစ် ကြောင်းထိုးမှုတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာပါ။

အစီရင်ခံစာအရ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မွန်ပြည်နယ်မှာ သေဆုံးသူ ၁၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၅ ဦး၊ ကရင်ပြည်နယ်မှာ သေဆုံးသူ ၁၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၂ ဦးရှိပြီး တနင်္သာရီတိုင်းမှာ သေဆုံးသူ ၁၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၅၀ ဦးရှိတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေကြောင့် နေ ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ စုစုပေါင်း လေသောင်းခွဲကျော်အထိရှိပြီး လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း အကြိမ် ၁၀၀ ကျော် ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အရပ်သားပြစ်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ညှင်းပန်းနှိပ်စက်တာ၊ ထိခိုက်ဒဏ်ရာရအောင်လုပ်တာ၊ အတင်းအဓမ္မ ပြောင်းရွှေ့ခံရတာ၊ အိုးအိမ်ဖျက်ဆီးခံရတာ၊ အတင်းအဓမ္မ ငွေ ကြေးကောက်ခံတာ၊ မြေမြုပ်မိုင်းပေါက်ကွဲတာ၊ အသက်မွေးဝမ်ကျောင်းနဲ့ လွတ်လပ်စွာ သွားလာမှုတွေကို ကန့်သတ်တာစတဲ့ အချက်တွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း မြန်မာပြည်တောင်ပိုင်းဒေသမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၃၃ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ဦး ရှိတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.