ဟောင်ကောင်၊ နိုဝင်ဘာ ၆
အမေရိကန် သမ္မတရွေးကောက်ပွဲမှာ လက်ရှိ ဒုသမ္မတ ကာမယ်လာ ဟားရစ်ကို အနိုင်ရခဲ့တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ကမ္ဘာ့ ခေါင်းဆောင်တွေ သူ့ထက်ငါဦးအောင် ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာအိုနင်းက ဘေဂျင်းအစိုးရအနေနဲ့ အမေရိကန်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ဖို့ မျှော်လင့်တယ်လို့ ပုံမှန် သတင်းစာရှင်းလင်းပွဲ တစ်ရပ်မှာ ရွေးကောက်ပွဲအနိုင်ရ ထရန့် အမည်ကို ထည့်မပြောဘဲ ပြောကြားသွားပါတယ်။
မိမိတို့အနေနဲ့ အမေရိကန်ပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားကြောင်း မာအိုနင်းက ပြောဆိုခဲ့ပါတယ်။
တရုတ် – အမေရိကန် ဆက်ဆံရေးကို အပြန်အလှန် လေးစားမှု ရှိစေဖို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့၊ နှစ်နိုင်ငံ ကောင်းကျိုးများ ရရှိဖို့ မူဝါဒတွေ အပေါ် အခြေခံပြီး ဆက်လက် ကိုင်တွယ် ဖြေရှင်းရေး ချဉ်းကပ်သွားမယ်လို့ သူက ပြောပါတယ်။
ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်အစိုးရ အသစ်နဲ့ လက်တွဲ အလုပ်လုပ်သွားမှာ ဖြစ်ပြီး ယူကရိန်းမှာ မိမိတို့ ရည်မှန်းချက်တွေ အောင်မြင်ရေး ဦးစားပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ပွဲ အဆုံးသတ်ရေး မိမိတို့ရဲ့ သတ်မှတ်ချက်တွေ မပြောင်းလဲဘဲ ရှိနေတာကို ဝါရှင်တန်အစိုးရက ကောင်းကောင်း သိထားတယ်လို့လည်း ရုရှားက ပြောပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ထရန့် ရွေးကောက်ပွဲ အနိုင်ရတာကြောင့် အစ္စရေး-အမေရိကန် ဆက်ဆံရေး နိဒါန်းသစ် တစ်ခု စတင်ဖို့ အချက်ပြလိုက်တာ ဖြစ်ကြောင်း ပြောကြာထားပါတယ်။
ထရန့် အနေနဲ့ ကြီးကြီးမားမား အနိုင်ရလိုက်တဲ့အတွက် ဂုဏ်ပြုကြောင်းလည်း ဝန်ကြီးချုပ် နေတန်ညာဟုက ပြောဆိုပါတယ်။
ဟားမာ့စ်အဖွဲ့ကတော့ အမေရိကန်အစိုးရ အသစ် အနေနဲ့ အစ္စရေးကို မျက်စိ စုံမှိတ်ပြီး ကူညီနေမှု အဆုံးသတ်ရမယ်လို့ ပြောဆို တိုက်တွန်းထားပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ထရန့်ကို ဂုဏ်ပြုပြီး အမေရိကန် အစိုးရအသစ်အနေနဲ့ ယူကရိန်းမှာ ငြိမ်းချမ်းရေး ရရှိရေး ပိုနီးစပ်အောင် လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။
နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက် ရူတီကလည်း ထရန့်ကို ဂုဏ်ပြုပြီး သူ့ကြောင့် နေတိုး မဟာမိတ် အဖွဲ့ အင်အား ပိုကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။
အီးယူ အကြီးအကဲ ဗွန်ဒက် လေယာကလည်း ထရန့်ကို ဂုဏ်ပြုပြီး လက်တွဲ အလုပ်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက ထရန့်ကို ဂုဏ်ပြုပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ကဏ္ဍအသီးသီး တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုပါတယ်။
နောက်ထပ် ထရန့်ကို ဂုဏ်ပြုကြသူတွေထဲမှာ ပြင်သစ်သမ္မတ မက်ကရွန်၊ ဂျာမနီ အဓိပတိ အိုလက်ဖ် ရှူးလ်နဲ့ ဂျပန် ဝန်ကြီးချုပ် အီရှီဘာတို့လည်း ပါဝင်ကြပါတယ်။
ဒါ့အပြင် အိန္ဒိယ၊ အီတလီ၊ အီဂျစ်၊ ကာတာ၊ ပိုလန်၊ ထိုင်ဝမ်၊ စင်ကာပူ ခေါင်းဆောင်တွေကလည်း ထရန့်ကို ဂုဏ်ပြုပြီး အမေရိကန်အစိုးရအသစ်နဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ အသီးသီး ပြောဆိုထား ပါတယ်။
Ref: AFP/CNA