နေပြည်တော် ၊ နိုဝင်ဘာ ၈
ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားရင် မိမိတို့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးဖို့အသင့်ရှိတယ်လို့ စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်ကနေတဆင့် အသိပေးပါတယ်။
ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၆ ရက်နေ့မှာ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီချန်းနဲ့ တွေ့ဆုံချိန်အတွင်း ပြောဆိုခဲ့တာပါ။
MNDAA ၊ TNLA နဲ့ AA တို့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက် ပြသလာမှသာ ဆွေးနွေးမှုကို ဆောင်ရွက်နိုင်မယ်ဆိုပြီး စစ်ခေါင်းဆောင်က ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုမျိုး လုပ်ဆောင်ချက်တွေလဲဆိုတာတော့ အသေးစိတ်ထည့်မပြောခဲ့ပါဘူး။
တရုတ်-မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇော်က ညီနောင်သုံးဖွဲ့ သိမ်းထားတဲ့ နယ်မြေတွေ ပြန်လိုချင်တာကြောင့် လက်နက်စွန့်ခိုင်းပြီး ဆွေးနွေးဖို့ စစ်ခေါင်းဆောင်က ပြောပေမယ့် စစ်တပ်ရှိနေသရွှေ့ ငြိမ်းချမ်းရေး မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
“(မင်းအောင်လှိုင်) သူပြောတဲ့အထဲမှာ ပါတာက ငြိမ်းချမ်းရေးလိုချင်တဲ့ လက္ခဏာတွေ ညီနောင်သုံးဖွဲ့ဘက်က ပြရမယ်ပေါ့။ အဓိကက သူလိုချင်တာ သူတို့ (ညီနောင်သုံးဖွဲ့) သိမ်းထားတဲ့ နယ်မြေတွေ ပြန်လိုချင်တယ်။ နောက်တစ်ခုက သူဟိုတလောက ကြေညာသလိုပေါ့။ နိုင်ငံရေးဆွေးနွေးပွဲစားပွဲကို တက်လာရင် လက်နက်စွန့်ပြီး တက်လာရမယ်။ သူကတော့ လက်နက်တွေကိုင်ထားပြီးတော့ လက်နက်တွေအကုန် အသုံးပြုပြီးတော့မှ ကျန်တဲ့လူကို လက်နက်စွန့်ပြီး လာခဲ့ပါလို့ပြောတာ ဘယ်သူကလုပ်မှာလဲ။ ငြိမ်းချမ်းရေးက ဒီစစ်ကောင်စီ ဒီစစ်တပ်ရှိနေသရွှေ့ ငြိမ်းချမ်းရေးက မဖြစ်နိုင်ဘူးဗျ” လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးလိုတဲ့ စစ်ခေါင်းဆောင်က “လက်နက်ကိုင်အကြမ်းဖက်သမားတွေ”ဆိုတဲ့ အ သုံးအနှုန်းနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကို ဖြစ်လိုတာကို ရှေ့တန်းတင်မယ့်အစား ဖြစ်သင့်တာကို လုပ်ဆောင်ကြဖို့ လိုတယ်လို့ ဆိုပါတယ်။
ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ကြားဝင်စေ့စပ်မှုနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့ပေမယ့် ညီနောင်သုံးဖွဲ့က သဘောတူညီချက်ကို ချိုးဖောက်ကာ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့တာလို့ တရုတ်အစိုးရကို တိုင်ကြားခဲ့သေးတာပါ။
ညီနောင်သုံးဖွဲ့ကတော့ တရုတ်ကြားဝင်ညှိနှိုင်းမှုနဲ့ နှစ်ဘက်လက်မှတ်ရေးထိုးခဲ့တဲ့ ဟိုင်ဂင်သဘောတူညီချက်ဟာ စစ်ကောင်စီဘက်က ချိုးဖောက်ခဲ့တဲ့အတွက် ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဖြစ်လာတာလို့ တုံ့ပြန်ထားပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ်ရေးဟာ အရေးကြီးပြီး တရုတ်နိုင်ငံအတွင်း အခြေပြုကာ မြန်မာနိုင်ငံအကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေတာတွေကို လက်ခံမှာမဟုတ်ဘူးလို့ တရုတ်ဝန်ကြီး ချုပ်က ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရက်ကို ထောက်ခံပြီး ရွေးကောက်ပွဲအောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒပြုကူညီနိုင်မယ်လို့ တရုတ်ဝန်ကြီးချုပ်က စစ်ခေါင်းဆောင်ကို ပြောကြားခဲ့တာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ညီနောင်သုံးဖွဲ့ကို စစ်ရပ်စဲဖို့ဖိအားပေးပြီး မင်းအောင်လှိုင်ကို စစ်ရေးထွက်ပေါက်ရမယ်ဆိုတဲ့ ယူဆချက်ဟာ လက်တွေ့မှာ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် တရုတ်မျှော်လင့်သလို ဖြစ်လာမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“တရုတ်က ညီနောင်သုံးဖွဲ့ကို စစ်ရပ်စဲဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဖို့ ဖိအားပေးမယ်။ မင်းအောင်လှိုင်ကလည်း အဲဒါကိုလက်ခံပြီးတော့ အရှေ့မြောက်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရပ် ဆိုင်းအောင် လုပ်ပေးနိုင်ရင် မင်းအောင်လှိုင် စစ်ရေးထွက်ပေါက်ရမယ်လို့ ယူဆတဲ့ အခြေခံပေါ်မှာ ပေါ်ပေါက်လာတဲ့ အဆိုပြုချက်ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့က ရေရှည်မှာ တရုတ်မျှော်လင့်သလို ဖြစ်လာမှာ မဟုတ်ပါဘူး။ ဖြစ်လာနိုင်တဲ့ အခြေအနေလည်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ မင်းအောင်လှိုင်က တစ်ဘက်က ငြိမ်းချမ်းရေး စကားပြောနေပေမယ့် တစ်ဘက်က အ ကြမ်းဖက်လှုပ်ရှားမှုတွေကို ပြင်းထန်ကျူးလွန်နေတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ရှမ်းမြောက်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် HRAN ရဲ့ အချက်အလက်တွေအရ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ရှမ်းမြောက်မှာ တစ်နှစ်အတွင်း အရပ်သား ၃၃၉ ဦး သေဆုံးခဲ့ရပါတယ်။
တစ်ဘက်မှာ ညီနောင်သုံးဖွဲ့ သိမ်းယူထားတဲ့ မြို့ပေါင်း ၃၈ မြို့အထိ ရှိလာတဲ့အတွက် ဒေသတွင်း အုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်အောင် တချို့မြို့တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
တရုတ်-မြန်မာနယ်စပ်ရှိ ကုန်သွယ်ရေးဂိတ်တွေကိုလည်း မြောက်ပိုင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့အပေါ် နယ်စပ်ရှိ လက်နက်ကိုင်တွေရဲ့အထောက်အပံ့တွေဖြစ်တဲ့ တရားမဝင်လုပ်ငန်းတွေ တရားမဝင်ကုန်သွယ်မှုတွေကို တိုက်ဖျက်ရှင်းလင်းရမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
လက်ရှိမှာလည်း ကချင်နဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ မြောက်ပိုင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်အစိုးရဘက်က ပိတ်ဆို့ထားတာပါ။
တရုတ်-မြန်မာနယ်စပ် မြောက်ပိုင်းဒေသဟာ လျှပ်စစ်မီး၊စားနပ်ရိက္ခာ၊ဆေးဝါး၊လောင်စာဆီ၊လူသုံးကုန်ပစ္စည်းစတဲ့ အခြေခံလိုအပ်ချက်တွေအတွက် တရုတ်နိုင်ငံကို မှီခိုနေရတာ ဖြစ်ပါတယ်။
ဒေါက်တာလှကျော်ဇော်ကတော့ နယ်စပ်ဂိတ်တွေကို ဗဟိုဘက်က ပိတ်ပေမယ့် ဒေသဆိုင်ရာကုန် သွယ်နေသူတွေကတော့ နားလည်မှုနဲ့ လျှော့လျှော့ပေါ့ပေါ့ လုပ်ပေးနိုင်မယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“ပိတ်ဆို့တာက ဆက်ပိတ်ဆို့ထားဦးမှာပဲ။ ဂိတ်တွေကို ပိတ်ပေမယ့်လည်း ဒီလိုရှိတယ်ဗျ။ ဒါက ဗဟိုက ပိတ်တာကိုး။ အဲဒီတော့ ဒေသဆိုင်ရာလူတွေကတော့ နားလည်မှုနဲ့ ဟိုဘက်ဒေသ ဒီဘက်ဒေသက ကုန်သွယ်ရေးလုပ်ငန်းတွေကို လုပ်နေတဲ့သူတွေက တချို့ဟာလေးတွေ လျှော့လျှော့ ပေါ့ပေါ့ လုပ်ပေးနိုင်တယ်လို့ ထင်တယ်။ ဒီထက်ပိုပြီးတော့ ပိတ်ဆို့စရာအကြောင်းမရှိဘူး”လို့ ဆိုပါတယ်။
တရုတ်ဝန်ကြီးချုပ်ကတော့ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေဟာ အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိရမှာဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောကြားကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာပါ။
စစ်ကောင်စီကို အထိနာစေခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ တိုင်းစစ်ဌာနချုပ်တစ်ခုနဲ့ ရှမ်းမြောက်က ကျန်ရှိတဲ့ မြို့တွေကိုအရယူနိုင်ခဲ့တဲ့ MNDAA နဲ့ TNLA ကို တိုက်ပွဲတွေ ရပ်တန့်ဖို့ တရုတ်အစိုးရက ဖိအားပေးခဲ့ပါတယ်။
အဲဒီဖိအားကြောင့် MNDAA က NUG နဲ့ စစ်ရေးနိုင်ငံရေးအရ ပူးပေါင်းတာ၊ စစ်မြေပြင်ချဲ့ထွင်တာတွေ လုပ်ဆောင်မှာမဟုတ်ဘူးလို့ သဘောထားရပ်တည်ချက် ကြေညာခဲ့ပြီး TNLA နဲ့ AA ကတော့ မူလအစီအစဉ်အတိုင်း ဆက်လက်လှုပ်ရှားနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြောက်ပိုင်းမဟာ မိတ်အဖွဲ့တွေအပေါ် တရုတ်အစိုးရရဲ့ ဖိအားကြောင့် တော်လှန်ရေးလမ်းကြောင်း ဦးတည်ရာ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ နိုဝင်ဘာ ၅ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media/MOI