စစ်ကိုင်း ၊ အောက်တိုဘာ ၃၀
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်BPLA ဟာ နိုင်ငံ့အလယ်ပိုင်း အညာဒေသမှာ တပ်ရွှေ့အခြေချပြီး ဒေသတွင်းအင်အားစုတွေနဲ့ ပူးပေါင်းမယ်လို့ အဖွဲ့ခေါင်းဆောင် မောင်ဆောင်းခက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ တိုက်ပွဲဝင်ခဲ့တဲ့ BPLA ဟာ စစ်ဆင်ရေးတစ်နှစ်ပြည့်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ အညာဘက် တပ်ရွှေ့မယ့်ကိစ္စ အဖွဲ့ခေါင်းဆောင်က FACEBOOK ကနေ အသိပေးလာတာပါ။
BPLA က မကြာခင်မှာ အညာဒေသကို အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မှာဖြစ်တဲ့အတွက် အညာလူထုကလည်း ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်သလို ဗမာလူမျိုးစုကိုယ် စားပြုဖို့နဲ့ ဗမာလူထုရဲ့ အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။
စစ်ရေးအကဲခတ်တွေကတော့ BPLA ဟာ ဗမာတပ်ဖွဲ့ဖြစ်သလို တိုက်ပွဲအတွေ့အကြုံတွေ အများကြီးရှိတာကြောင့် အညာဒေသက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအတွက် အင်အားတစ်ရပ်ဖြစ်နိုင်တယ်လို့ သုံးသပ်တာလည်း ရှိပါတယ်။
CDM လေတပ် တပ်ကြပ်ကြီးဇေယျက အညာကဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေ လက်ခံမယ်ဆိုရင် မြို့တွေတက်သိမ်းနိုင်မယ့် အနေအထားအထိ ဖြစ်လာနိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“ဒေသခံတွေက လက်ခံမယ် အဆင်ပြေတယ်ဆိုရင်တော့ အဲဒီဘက်မှာတော်တော်ကို အားကောင်းပြီးတော့ ၁၀၂၇ လောက် မကြီးကျယ်ရင်တောင် မြို့ တွေဘာတွေတက်ပြီး တိုက်နိုင်မယ့် အနေအ ထားတစ်ခုအထိ ဖြစ်လာနိုင်တယ်လို့တော့ ကျွန်တော်မြင်တယ်။ အဓိက ဒေသခံအဖွဲ့တွေက လက် ခံမယ်။ ပြည်သူတွေက လက်ခံမယ်ဆိုရင်တော့ ဖြစ်လာနိုင်ခြေရှိတာပေါ့။ အကယ်လို့ အဲဒီဒေသမှာ ရှိပြီးသား အဖွဲ့တွေက လက်မခံဘူးဆိုရင်တော့ ပြဿနာတွေ ပိုပြီးရှုပ်ထွေးလာနိုင်မယ်လို့ ကျွန် တော်မြင်တယ်”လို့ ဆိုပါတယ်။
အညာဒေသကို အခြေချတဲ့အခါမှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဌာနအောက်ရှိ PDF တပ်ရင်းတွေနဲ့ရော အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမယ်လို့ မောင်းဆောင်းခက ဆိုပါတယ်။
ဒါ့အပြင် BPLA ဟာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံတပ်မဟုတ်ပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက်ကြိုးစားသွားမယ်လို့ သူက ကတိပြုတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က BPLA ဟာ သီးခြားရပ်တည်တဲ့ တပ်ဖွဲ့ဖြစ်ပေမယ့် အလယ်ပိုင်းဒေသရဲ့ စစ်ရေးကို ပြောက်ကျားစနစ်ကနေ စစ်ပွဲအဖြစ် တိုးတက်ပြောင်းလဲဖို့ အများကြီး အထောက်အကူပြုနိုင်တယ်လို့ သုံးသပ်ပါတယ်။
“NUG နဲ့ ညှိနှိုင်းမှုသာလုပ်ပြီး NUG လက်အောက်ခံအဖွဲ့တစ်ဖွဲ့အဖြစ် သူတို့ကရပ်တည်မှာ မဟုတ်ပါဘူး။ သီးခြားအဖွဲ့တစ်ဖွဲ့အနေနဲ့ပဲ ရပ်တည်မှာပါ။ သို့သော်တဖြည်းဖြည်း အဲဒီလိုအင်အားစုတွေ များပြားလာခြင်းဟာ အလယ်ပိုင်းဒေသရဲ့ စစ်ရေးကို ပြောက်ကျားစစ်ကနေ စစ်ပွဲအဖြစ် တိုးတက်ပြောင်းလဲဖို့ လုံးပမ်းတဲ့နေရာမှာ အများကြီး အထောက်အကူပြုနိုင်တယ်။ အလယ်ပိုင်းဒေသမှာ မြန်မာအမျိုးသားတွေချည်း စုစည်းပါဝင်တဲ့ အင်အားစုတစ်ရပ် ပေါ်ပေါက်လာရေးအတွက် အရေး ကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တာကြောင့် ကြိုဆိုရမှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကို အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဧပြီလလယ်လောက်မှာ မောင်ဆောင်းခကဦးဆောင်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ အာရက္ခတပ်တော် AA တို့ရဲ့ အကူအညီနဲ့ KNU နယ်မြေမှာ စတင်ဖွဲ့စည်းခဲ့တာပါ။
အဲဒီနောက်ပိုင်း KNU ရဲ့ စစ်ရေးခွင်ဖြစ်တဲ့ ကရင်ပြည်နယ်အပါအဝင် ရခိုင်နဲ့ ရှမ်းမြောက်အတွင်း အခြားဒေသခံတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဦးဆောင်မှုအောက်မှာ ပူးပေါင်းတိုက်ပွဲဝင်ကာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတာ ဖြစ်ပါတယ်။
ထူးခြားချက်အနေနဲ့ မြန်မာစစ်တပ်သမိုင်းကို တဆစ်ချိုးပြောင်းလဲပေးခဲ့သလို စစ်ကောင်စီကိုလည်း အရေးနိမ့်စေခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ BPLA က တိုးတက်ကောင်းမွန်တဲ့ စစ်ရေးအတွေ့အကြုံတွေကို ရယူထားတာပါ။
BPLA အနေနဲ့ ကရင်ပြည်နယ်အခြေစိုက် အမှတ် ၁၀၇ စစ်ဒေသနဲ့ ရှမ်းမြောက်အခြေစိုက် အမှတ် ၂၀၃ စစ်ဒေသတို့ကို ဖွဲ့စည်းလှုပ်ရှားနေသလို ကိုးကန့်တပ် MNDAA ရဲ့ အမှတ် ၆၁၁ ပြည်ထောင်စု တပ်မဟာမှာလည်း ပါဝင်ထားပြီး အခုအခါမှာ အညာဒေသဘက် စစ်ရေးလှုပ်ရှားဖို့ ထုတ်ပြောလာတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-BPLA