မြိတ် အောက်တိုဘာ ၃၀

တနင်္သာရီတိုင်း ပုလောနဲ့ သရက်ချောင်းတို့မှာ စစ်ကောင်စီတပ်သားတွေက အရပ်သား စုစုပေါင်း ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ဒေသခံနဲ့ တော်လှန်ရေး အင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပုလောမြို့နယ် သင်္ဃန်းတော ကျေးရွာမှာ စစ်ကောင်စီ စစ်ကြောင်းက အရပ်သား ၂ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊ စစ်ကြောင်း ရှိနေသေးလို့ သေဆုံးသူတွေရဲ့ အလောင်းမကောက်နိုင်သေးတဲ့အကြောင်း ဒေသခံနဲ့ တော်လှန်ရေး အဖွဲ့ဝင်တွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်မှာ သင်္ဃန်းတောကျေးရွာကို ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက လမ်းမှာတွေ့တဲ့ ရွာခံလူငယ်တစ်ဦးနဲ့ ကဒဲရွာသား ဦးမြင့်လွင်တို့ကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဒေသဘက်မှာ စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေလို့ တန်းရှင်း၊ သင်္ဃန်းတော၊ ကဒဲရွာတွေက ဒေသခံ ၁၀၀၀ နီးပါး တိမ်းရှောင်နေရပြီး ထွက်ပြေးလာရတာ လေးရက်ခန့် ရှိနေပြီလို့ ဆိုပါတယ်။

သင်္ဃန်းတောကျေးရွာကို ဝင်နေတဲ့စစ်ကြောင်းက ကြဲကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီအဖွဲ့က ခွဲထွက်လာတဲ့အဖွဲ့ ဖြစ်ပြီး အင်အား ၆၀ ကျော်ပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အ မျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

တပ်အင်အား ၁၀၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ သရက်ချောင်းမြို့နယ် ဥတ္တူကျေး ရွာထဲ အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၄ နာရီခွဲအချိန်ခန့်မှာ ဝင်ရောက်လာခဲ့တာပါ။

အဲဒီနောက် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ သရက်ချောင်းမြို့ နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ ဥတ္တူကျေးရွာထဲက နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးပြီး အိမ်တစ်လုံးနဲ့ ကားတစ်စီးကိုလည်း မီးရှို့ခဲ့တဲ့အပြင် ဘုန်းကြီးကျောင်းက ကားသုံးစီးနဲ့ နေအိမ်တွေက ပစ္စည်းတွေကို မြေတင်ကားတွေနဲ့ သရက်ချောင်းအခြေစိုက် တပ်စခန်းထဲကို သိမ်းယူသွားတယ်လို့ ဆိုပါတယ်။

ဒါအပြင် ဥတ္တူကျေးရွာကို ပိုက်ဆံလာပို့တဲ့ ရန်တောင်ကျေးရွာမှာ နိုင်ငံခြားငွေလွှဲလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပြင် ပိုက်ဆံနဲ့ ဆိုင်ကယ်ကို သိမ်းယူခဲ့ပြီး အလောင်းဖျောက်ခဲ့ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေဟာ ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေတဲ့ ဥတ္တူရွာခံ ဒေသခံ အ မျိုးသား ၁၀ ဦးထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် ဥတ္တူကျေးရွာမှာ ဒေသခံတွေဟာ ရွာလုံးကျွတ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသလို စစ်ကောင်စီတပ်သားတွေကလည်း ကျေးရွာထဲမှာ ဆက်လက်တပ်စွဲထားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ပုလော-မြိတ် ကားလမ်းပေါ်မှာ စစ်ကောင်စီအဖွဲ့နဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတာကြောင့် ကုန်စည်တင်ယာဉ်တွေလည်း သွားလာမှု အခက်အခဲတွေဖြစ်နေကြတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.