ဘားအံ၊ အောက်တိုဘာ ၂၇

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ် မြေရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်စစ်ရေးပြင်းထန်နေတဲ့ KNU တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာအနီးက သံပုရာချောင်းဖျားကျေးရွာထဲကို အောက်တို ဘာ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်သွားခဲ့တာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်က သံပုရာချောင်းဖျာရွာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်သွားခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးထိခိုက်ခဲ့ကာ နေအိမ်အဆောက်အဦးအချို့ လည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

သံပုရာချောင်းဖျားကျေးရွာဟာ အနန်းကွင်းကျေးရွာနားက ရွာတစ်ရွာဖြစ်ပြီး အနန်းကွင်းတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ လာရောက်တိမ်းရှောင်ခိုလှုံနေထိုင်နေရတဲ့ ရွာတစ်ရွာလည်းဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်ရေးတိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေတဲ့ အနန်းကွင်းကျေးရွာအနီးက ကျေးရွာတွေထဲကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲနဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏလုပ်ဆောင်လျက်ရှိရာ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိခဲ့တာပါ။

လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ အနန်းကွင်းစစ်ဗျူဟာစခန်းကုန်းကို KNLA တော်လှန်ရေးအင်အားစုအဖွဲ့တို့က ဆက်လက်ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်ပြီး ထိတွေ့တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒါ့အပြင် KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ချောဘွဲဒဲကျေးရွာထဲကိုလည်း အောက်တိုဘာ ၂၅ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ မူကြိုကျောင်းဆောင်နဲ့ နေ အိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်တချို့လည်း သေဆုံခဲ့ပါတယ်။

ဖာပွန်ခရိုင်တပ်မဟာ ၅ နယ်မြေမှာ KNLA တပ်မဟာ ၅ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီရဲ့ ဖာပွန်စစ်ဗျူဟာနဲ့ ခေါပုတ်တပ်စခန်းတို့ကို ဝိုင်းရံပိတ်ဆို့ထားတဲ့အတွက် စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး စစ်ရှောင်ဒေသခံတွေလည်း နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.