မော်လမြိုင် ၊ အောက်တိုဘာ ၂၆

မွန်ပြည်နယ်မှာ အခုနှစ်ပွင့်လင်းရာသီအတွင်း စစ်ကောင်စီဘက်က ကျင်းပခွင့်ပြုထားတဲ့ ပွဲလမ်းသ ဘင်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ လောင်းကစားဝိုင်းတွေကို ကြက်ပျံမကျ ထည့်သွင်းလာတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာ ပွဲလမ်းသဘင်တွေနဲ့ စည်းကားစေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေရဲ့ ပွဲတော်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ လောင်းကစားဝိုင်းတွေကို ပေါ် ပေါ်တင်တင် ကျင်းပခွင့်ပေးအပ်ထားပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ လောင်းကစားဝိုင်းတွေဟာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေရဲ့ ဘုရားပွဲတော်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာသလို စစ်ကောင်စီဘက်က လုံခြုံရေးယူပေးတာတွေ ရှိနေပါတယ်။

စစ်ကောင်စီဘက်က လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် ခွင့်ပြုပေးထားတဲ့အတွက် ဒေသတွင်းမှာ နေ့စဉ်နီးပါး ဆိုင်ကယ်ပျောက်ဆုံးမှုတွေ၊ ခိုးမှု၊ လုယက်မှုတွေပါ သိသိသာသာ အဖြစ်များလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးက လောင်းကစားတွေကို နေ့ရောညပါ တရားဝင်သဘောမျိုး ခွင့်ပြုထားသလို လောင်းကစားဝိုင်းတွေကြောင့် အကျင့်ပျက်ခြစားမှုတွေအပြင် ခိုးဆိုးလုနှိုက်မှုတွေ ပေါများလာတဲ့အတွက် လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

“လောင်းကစားဝိုင်းကတော့ အခုကနေ့ရောညရော လနဲ့ချီပြီးလုပ်နေတာ။ တရားဝင်သဘောမျိုးပဲ။ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ အံဂလုံအစုံပဲ။ ကစားဝိုင်းမှန်သမျှ အကုန်ပဲ။ ပြည်သူတွေကတော့ ဘယ်လောင်း ကစားကိုမှ မကြိုက်နှစ်သက်ဘူး။ ဘာကြောင့်လဲဆိုလို့ရှိရင် ဒီလောင်းကစားပေါ်မှာ အကျင့်ပျက်ခြစားမှုတွေ အကျင့်ပျက်မှုတွေပေါ့။ ဥပမာ ခိုးဆိုးလုနှိုက်တွေ ပေါများလာတာပေါ့။ ဘယ်ဟာမှ ကျွန် တော်တို့ လုံခြုံမှုမရှိဘူး။ ဒါကြောင့်မို့လို့ ပြည်သူမှန်ရင်တော့ ဘယ်ပြည်သူမှ ဒီလောင်းကစားကို လက်မခံဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်ရဲ့ အခုနှစ်ပွင့်လင်းရာသီမှာ ပြည်တွင်း၊ ပြည်ပခရီးသွားတွေနဲ့ စည်ကားအောင် လုပ်ဆောင်မယ်လို့ ပြောဆိုပြီးတဲ့နောက် ပွဲလမ်းသဘင်တွေမှာ လောင်းကစားဝိုင်းတွေကို ခွင့်ပြုလာတာ ဖြစ်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေ ဒုက္ခရောက်နေချိန် စစ်ကောင်စီနဲ့ပူးပေါင်းပြီး လောင်းကစားဝိုင်း ဖွင့်လှစ်သူတွေကို ပြင်းပြင်းထန်ထန် တားဆီးသွားမှာ ဖြစ်တာကြောင့် ရပ်တန်းကရပ်ဖို့ သတိပေးထားပါတယ်။

“အကြမ်းဖက် စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရတယ်။ စစ်ဘေးစစ်ဒဏ်တွေ ခံနေရတယ်။ ဆင်းရဲတွင်း နက်သထက်နက်နေတဲ့အချိန်မှာ ဒီစစ်ကောင်စီနဲ့ ပေါင်းပြီးတော့ ကိုယ်ကျိုးစီးပွားအတွက် စစ်ကောင်စီအလိုကျ အခုလိုလောင်းကစားဝိုင်းတွေဖွင့် ပြည်သူတွေကို ဒုက္ခပေးတဲ့ကိစ္စကိုတော့ ကျွန်တော်တို့အနေနဲ့က ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့အပြင် တားဆီးသွားဖို့ လုပ်ဆောင်နေတာရှိတယ်။ အရေးယူဖို့ အဆင်သင့်ရှိတယ်လို့ ကျွန်တော် ပြောချင်တယ်။ အဲဒီအချိန်ခါကျမှ ကျွန်တော်တို့ မှားပါတယ်။ နောင်တရပါတယ် ဆိုတာကတော့ အရမ်းနောက်ကျသွားလိမ့်မယ်။ အဲဒီတော့ရပ်တန့်ကရပ်ဖို့တော့ ကျွန်တော်ပြောလိုတယ်” လို့ ဆိုပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က ထုတ်ဝေခဲ့တဲ့ အကျပ်အတည်းကာလ မွန်ဒေသအတွင်းရှိ ပြည်သူ့ ဝန်ဆောင်မှုလေ့လာချက် သုတေသနစာစောင်အရ စစ်ကောင်စီလက်ထက်မှာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အာဏာကို အလွဲသုံးစားပြုလုပ်ပြီး ဆိုင်ရာပိုင်ရာတွေနဲ့ပေါင်းကာ တရားဥပဒေကို လက်တလုံးခြား လုပ်လာကြသလို သူတို့ရဲ့ ရပ်ရွာထဲမှာလည်း လောင်းကစားဝိုင်းတွေ ဖွင့်ပြီး ပွဲတော်သဖွယ် လုပ်စားလာကြတယ်လို့ ဆိုပါတယ်။

လောင်းကစားဝိုင်းတွေ ပြုလုပ်တဲ့အပေါ် တိုင်ကြားပါကလည်း လာဘ်ထိုးပြီး တရားခွင်ကို အနိုင်ယူတက်သလို တိုင်တန်းသူကသာ ဘေးဥပါဒ်ရောက်ကြပြီး အကြောက်တရားနဲ့ အုပ်ချုပ်ခံနေရကာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာတော့ ဒေသခံတွေအနေနဲ့ သည်းခံနေကြရုံမှ တပါး တုံ့ပြန်နိုင်စွမ်းမရှိကြဘူးလို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.