တနင်္သာရီ၊ အောက်တိုဘာ ၂၄

နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ အကြီးစား တိုက်ခိုက်ရေးဒရုန်းတွေကို ပိုမိုအသုံး ပြုလာတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကမ်းရိုးတန်း တိုင်းစစ်ဌာချုပ်နယ်မြေအတွင်းရှိ တော်လှန်ရေးအင်အားစုတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး တိုက်ခိုက်ရေးဒရုန်းတွေကို အဓိကထား အသုံးပြုလာတာပါ။

ဒရုန်းတွေနဲ့ တိုက်ခိုက်ဖို့အတွက်လည်း တနင်္သာရီတိုင်းအတွင်းမှာ ဒရုန်းတပ်ရင်းတစ်ခုကို သီးခြားဖွဲ့စည်းထားပြီး အမှတ် ၆၀၃ ဒရုန်းတပ်ရင်းလို့ အမည်ပေးထားကာ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက်မှာ ထားရှိထားပါတယ်။

အရင်က လေကြောင်းတိုက်ခိုက်မှုအဖြစ် အသုံးပြုနေတဲ့ တိုက်ခိုက်ရေးဒရုန်းတွေကို တော်လှန်ရေးအင်အားစုတွေကသာ အသုံးပြုနေရာမှ လက်ရှိမှာ စစ်ကောင်စီဘက်က ဒရုန်းအသုံးပြု ကင်း ထောက်တာနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေဟာ နယ်မြေစိုးမိုးမှုအတွက် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေတွေကို ပြန်လည်ရယူချင်တဲ့ သဘောမျိုးဖြစ်တယ်လို့ တနင်္သာရီတိုင်းစစ်ဌာန ပြန် ကြားရေးတာဝန်ခံ ရဲဘော်ဂျိုကာက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီဘက်က လက်ရှိ စစ်ကြောင်းထိုးနေတာကတော့ နယ်မြေစိုးမိုးမှုအတွက် ဆိုတာထက် ကျွန်တော်တို့ရဲ့ ထိန်းချုပ်လှုပ်ရှားနယ်မြေတွေကို သူတို့က ပြန်လည်ရယူချင်တဲ့ သဘောမျိုးတွေ့ရတယ်။ ကျွန်တော်တို့ဘက်က မြင်တာက သူတို့က မြို့ကို အဓိကပေါ့ဗျာ မြို့ရွာကိုအခြေခံပြီး ဆင် ခြေဖုန်းရပ်ကွက်တွေကို မြို့နဲ့ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ ဆင်ခြေဖုန်းရပ်ကွက်တွေကို ပြန်ပြီးတော့ စိုးမိုးနယ်မြေတွေ ပြန်ရအောင် လုပ်နေတဲ့သဘောမျိုးတွေ့ရတယ်” လို့ ဆိုပါတယ်။

ဒါအပြင် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်မှာ အရင်လို စစ်တိုက်တက်တဲ့ စစ်သားတွေ မရှိဘဲ သက်ကြီးရွယ်အိုတွေနဲ့ စစ်မှုထမ်းဥပဒေအရ ခေါ်ထားတဲ့ လူငယ်တွေအပြင် မတရား ဖမ်းဆီးထားပြီး စစ်ထဲခေါ်သွင်းထားတဲ့ လူငယ်တွေ အများဆုံးပါဝင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေး ဒရုန်းတွေနဲ့ ကင်းထောက်ဒရုန်းတွေကိုပါ အများဆုံး အသုံးပြုလာတယ်လို့ ပြောပါတယ်။

“သူတို့စစ်ကြောင်း ဝင်လာတဲ့အချိန်မှာ ဒရုန်းတွေ အသုံးများလာတာ တွေ့ရတယ်။ ဒရုန်းကို သူတို့ဘက်ကနေပြီးတော့ လေးစီးလောက်ထိ သုံးလာတာ တွေ့တယ်။ ကင်းထောက်ရော ဗုံးကြဲတာရော အဲဒါတွေ လုပ်ဆောင်တာရှိတယ်ပေါ့။ ဒီစစ်ကြောင်းမှာ သုံးတာတော့ မာတီရိုတာပေါ့နော်။ အဲဒါတွေပဲ သုံးတယ်ပေါ့နော်။ ကင်းထောက်ဒရုန်းတွေသုံးတယ်။ မာတီရိုတာဗုံးကြဲတဲ့ တိုက်ခိုက်ရေးဒရုန်းတွေသုံးတယ်”လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးဒရုန်းတွေပါ အသုံးပြုလာကြောင့် တော်လှန်ရေးအင် အားစုတွေအနေနဲ့ စစ်ဆင်ရေးတွေမှာ ပိုပြီးဂရုစိုက်ရသလို တန်ပြန်စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့အတွက် ကြိုးစားရတယ်လို့ သူကဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ အလေးချိန်အများကြီးသယ်ဆောင်နိုင်တဲ့ မာတီရိုတာ အကြီးစားတိုက်ခိုက်ရေး ဒရုန်းတွေအပြင် ကင်းထောက်ဒရုန်းတွေကိုပါ အသုံး ပြုလာပြီး တော်လှန်ရေးအင်အားစုတွေရဲ့ ဒရုန်းအန္တရာယ်ကို ကာကွယ်ဖို့အတွက် ဒရုန်းဖျက်ဂျန်ပါတွေကိုပါ သယ်ဆောင်လာတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေအရ စက်တင် ဘာလနဲ့ အောက်တိုဘာလ တတိယအပတ်အထိ တနင်္သာရီမြို့နယ်နဲ့ လောင်းလုံးမြို့နယ်မှာ စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားလေးဦးထက်မနည်း သေ ဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လောင်းလုံးမြို့နယ် ဒေသခံတစ်ဦးကလည်း အရင်က စစ်ကောင်စီမှ စစ်ကြောင်းထိုးရင် လက်နက် ကြီး ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ရာမှ အခုစစ်ဆင်ရေးတွေမှာ ဒရုန်းတွေနဲ့ ကင်းထောက်တာအပြင် ဗုံးသီးချတိုက်ခိုက်တာတွေ လုပ်ဆောင်လာတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်မှာကို ပိုမိုစိုးရိမ်လာရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တဲ့အခါ အသံကြားရတာကြောင့် ဘေးလွတ်မယ်ထင်တဲ့နေရာတွေမှာ ကြိုတင်ရှောင်ရှားနိုင်ပြီး ဒရုန်းကအမြင့်ကနေ ဗုံးသီးကြဲချတဲ့အတွက် ကြိုပြီးမသိနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ပိုပြီး သတိရှိဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တနင်္သာရီတိုင်းမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေ အပြင် လက်နက်ကြီးနဲ့ ဒရုန်းဗုံးသီးချ တိုက်ခိုက်တာတွေကြောင့် နေရပ်စွန့်ခွာ ထွက် ပြေးရသူ ခြောက်သောင်းနီးပါး ရှိခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- PCT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.