သထုံ၊ အောက်တိုဘာ ၂၄

မွန်ပြည်နယ် သထုံခရိုင်မှာ စစ်မှုထမ်းခေါ်မရတာကြောင့် လာမယ့်ရက်ပိုင်းတွေအတွင်း စစ်မှုထမ်း ဖမ်းဆီးဖို့ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံ လွင်တိုင်းမ်ကို ပြောပြလာပါတယ်။

လာမယ့်စစ်မှုထမ်းအပတ်စဉ် ၇ အတွက် သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ပေါင်မြို့နယ်တို့ကနေ စစ်မှုထမ်းပေးဆောင်ဖို့ အလှည့်ကျတယ်လို့ သိရပါတယ်။

စစ်မှုထမ်းသင်တန်းအတွက် ညပိုင်းအပြင်ထွက်သွားလာသူတွေနဲ့ စစ်မှုထမ်းအမည်စာရင်း ပါရှိသူတွေကို စီမံချက်တစ်ရပ်အနေနဲ့ ဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် စစ်မှုထမ်းဖမ်းဆီးရာမှာ ညပိုင်းအချိန် ပိတ်ဆို့စစ်ဆေးမှုကနေ ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းပို့ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောကြပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီဟာ မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့အဝင်အထွက် နေရာတွေမှာ လုံခြုံရေးကင်းလှည့်တာ၊ ကင်းပုန်းဝပ်တာ၊ ပိတ်ဆို့စစ်ဆေးမှုတွေကိုလည်း ခပ်စိပ်စိပ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းအပတ်စဉ် ၆ သင်တန်းကို အောက်တိုဘာ ၂၁ ရက်နေ့မှာ ထပ်မံဖွင့်လှစ်လိုက်ပြီး လာမယ့် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လူသစ်စုဆောင်းမှုတွေ စတင်လာတာပါ။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ တပ်အင်အားပြုန်း တီးမှုနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၅ အထိ စစ်သားစုဆောင်းခံ ရသူ ၂၁၀၀၀ ထက်မနည်း ရှိခဲ့ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်မှုထမ်းသင်တန်းတွေကို သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအခြေစိုက် အ မှတ် ၄ တပ်မတော်တန်းမြင့် သင်တန်းကျောင်းနဲ့ သထုံမြို့နယ်အခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ ကျင့်ရေး သင်တန်းကျောင်းတွေမှာ စစ်သင်တန်း ပို့ချနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.