ဘုတလင် ၊ အောက်တိုဘာ ၂၄

စိုးမိုးနယ်မြေများစွာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီဟာ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ အရပ်သားတွေကို ပစ်မှတ်ထားပြီး ရက်စက်တဲ့ သတ်ဖြတ်မှုတွေ ဆိုးဆိုးဝါးဝါး ကျူး လွန်လာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေအပြင် တော်လှန် ရေးတပ်တွေ လှုပ်ရှားတဲ့ ဒေသတွေကိုလည်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး အရပ် သားတွေကို ရက်စက်တဲ့သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာပါ။

ထင်ရှားတဲ့ ဖြစ်စဉ်ထဲက အောက်တိုဘာ ၁၇ ရက်နေ့မှာ ဘုတလင်မြို့ နယ်၊ စီပါကျေးရွာက အရပ် သားပြည်သူ ၆ ဦး ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ပြီး ခန္ဓာကိုယ်တွေကို အစိတ်စိတ်ပိုင်းဖြတ်ကာ နေအိမ်ခြံစည်းရိုးမှာ ချိတ်ဆွဲထားခဲ့တယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ဒါရိုက်တာ နိုင်အိုင်းမွန်က စစ်အုပ်စုအပါအဝင် သူ့လက်ကိုင်တပ်တွေနဲ့ နီးစပ်တဲ့ မြေပြင်မှာ လူသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ အာမခံချက် ဘာတစ်ခုမှ ရှိမနေတော့ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်အုပ်စုတပ်နဲ့ သူ့လက်ကိုင်တုတ်တွေနဲ့ နီးတဲ့ မြေပြင်မှာ လူသားတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ပတ်သက်တဲ့ အာမခံချက်တွေ ဘာတခုမှ ရှိမနေတော့သလို စစ်အုပ်စုဟာ သူတို့ရဲ့ တခုတည်းသော ဗျူဟာဖြစ်တဲ့ ပြည်သူကြား အကြောက်တရား ပိုကိန်းအောင်းသည်ထက် ကိန်းအောင်းနေအောင် အခုလို ကျူးလွန်သတ် ဖြတ်မှုတွေ ပိုလုပ်လာမယ့် သဘောရှိပါတယ်။ ဒါတွေအတွက် အထူးသ တိထားရပါမယ်”လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ သတ်ဖြတ်မှုတွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက လုပ်ရမှာ ဖြစ်သလို လေယာဉ်ဆီနဲ့ စစ်လက်နက်ခဲယမ်း တင်သွင်းမှုတွေကိုလည်း ဖြတ်တောက်ဖို့ အထူးလိုအပ်တယ်လို့ သူကထောက်ပြပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ကနေ ၂၀ ရက်‌နေ့အတွင်း စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာ နချုပ်အောက်ရှိ အင်အား ၁၀၀ ကျော် ပါတဲ့ စစ်ကြောင်းဟာ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းက ကျေးရွာရပ်ကွက် ၁၇ ခု ကို ဝင်ရောက်စီးနင်းခဲ့တာပါ။

အဲဒီအတွက်ကြောင့် စီးနင်းတိုက်ခိုက်မှု မီးရှို့သတ်ဖြတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအ တွင်း အရပ်သား ၂၄ ဦးထက်မနည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကနေ သိရပါတယ်။

ဒေသတွင်း လှုပ်ရှားနေတဲ့ ကျောင်းသားလက်ရုံးတပ်တော် SAF ကတော့ လက်ရှိအချိန်အထိ သတ် ဖြတ်ခံထားရသူ ၂၅ ဦးအထိရှိလာပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသူ ၅၀ နီးပါး ရှိတယ်လို့ ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ ကျေးရွာအနီးပတ်ဝန်းကျင်က အရပ်သားပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်တဲ့ အရေအတွက်ကလည်း တစ်သောင်းလောက်ရှိနေပြီး စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း လိုအပ်တယ်လို့ ဆိုပါတယ်။

“သူတို့တွေအတွက် အရေးကြီးဆုံးက စားနပ်ရိက္ခာပေါ့၊ စားနပ်ရိက္ခာလိုပါတယ်။ ပြီးတော့ တချို့ရွာတွေမှာ အခုဆိုရွာသုံးရွာက မီးရှို့ခံထားရတာ ရှိပါတယ်။ သူတို့အတွက်ဆို ပြန်လည်ထူထောင်ရေးအတွက် အခြေခံ ပစ္စည်းတွေ လိုအပ်တာတွေ ရှိပါတယ်။ အဝတ်အစားတို့ စောင်တို့က အစပေါ့။ လိုအပ်ချက်တွေတော့ ရှိနေပါတယ်။ ဒီဘက်မှာရှိနေတဲ့ အဖွဲ့တွေကလည်း ချိတ်ဆက်ပြီး ဆောင် ရွက်နေတာရှိပေမယ့် အကူအညီကတော့ ထပ်ပြီးလိုနေဆဲပါပဲ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာအတွင်း တောင်ကြီးခရီးမှာ စစ်ခေါင်းဆောင်က တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်နေထိုင်တဲ့ မြို့ရွာတွေမှာ စစ်တပ်က တန်ပြန်ထိုးစစ်တွေကို လိုအပ်သလို တုံ့ပြန်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေ အသုံးချခံရမှုမရှိစေရေး သတိပေးပြောဆိုခဲ့ပါတယ်။

အဲဒီနောက်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်တွေကို ဝါဒဖြန့်သတင်းစာတွေမှာ နေ့စဉ်ရက်ဆက် ဖော်ပြလာနေသလို အရပ်သားတွေကိုလည်း ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ စစ်ကောင်စီက ဆက်တိုက်လုပ်လာနေတာပါ။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက စစ်တပ်ဟာ အကြောက်တရားနဲ့ လူထုကို အုပ် ချုပ်ဖို့ ရည်စူးတဲ့ပုံစံမျိုးတွေ့ရပြီး ဒီလုပ်ရပ်တွေအပေါ် အပြစ်ပေးအရေးယူမှုတွေ နိုင်တဲ့ဘက်ခြမ်းကနေ လုပ်ရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီစစ်တပ်ကတော့ လုပ်နေကျအတိုင်းပဲလို့ ကျွန်တော် မြင်တယ်။အကြောက်တရားနဲ့ လူထုကို အုပ် ချုပ်တယ်။ တချိန်တုန်းက ပညာမတတ်အောင် သူတို့လိုချင်တဲ့ ပညာရေးစနစ်ကို ထူထောင်ပြီးတော့မှ လူထုကို ဖိနှိပ်ခဲ့တယ်။ အခုချိန်မှာက ကျွန်တော်ထင်တာ ပိုပြီးတော့မှ အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ ပိုပြီးမှ ရည်စူးတဲ့ပုံစံမျိုး ပိုအားသန်တာကို ကျွန်တော်တို့ တွေ့ရတယ်။ ဒီလုပ်ရပ်တွေက သေချာတာတစ်ခုက ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ထိုင်ကြည့်နေလို့ မရဘူး။ အပြစ်ပေးအရေး ယူမှုတွေ နိုင်တဲ့ဘက်ခြမ်းကနေ လုပ်ရမယ်” လို့ ဆိုပါတယ်။

NUG ကတော့ ထိတွေ့တိုက်ပွဲတွေအတွင်း ဆုံးရှုံးမှုတွေအတွက် လက်စားချေတဲ့အနေနဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအပေါ် လက် စားချေဖို့ နှစ်ပေါင်းများစွာ စစ်အုပ်စုက ကျင့်သုံးခဲ့တဲ့ နည်းဗျူဟာတရပ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်အုပ်စုအနေနဲ့ သူတို့ရဲ့ ဆိုးရွားတဲ့ ကျူးလွန်မှုတွေအတွက် တရားမျှတမှုဖော်ဆောင်နိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.