နယူးယောက်၊ အောက်တိုဘာ ၂၃

ယူကရိန်းအား ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက စစ်သားတွေ စေလွှတ်ထားတာ မရှိကြောင်းနဲ့ တောင်ကိုရီးယားက အခြေအမြစ် မရှိပြောဆိုမှုသာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ကိုယ်စားလှယ် တစ်ဦးက အောက်တိုဘာ ၂၂ ရက် ပြောကြားလိုက်ပါတယ်။

ရုရှား အရှေ့ဖက်စွန်းမှာ မြောက်ကိုရီးယား အထူး တပ်ဖွဲ့ဝင် ၁၅၀၀ လေ့ကျင့်နေပြီး ပြုံးယမ်းက သူတို့ရဲ့ မဟာမိတ်ကို ကူညီပေးရေး တပ်ဖွဲ့ဝင် အများအပြား စေလွှတ်ထားတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက အောက်တိုဘာ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား စစ်သားတွေကို ယူကရိန်းဆီ စေလွှတ်ပြီး တိုက်ပွဲ ဝင်ခိုင်းဖို့ ရုရှားက အသင့်ပြင်ဆင်နေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြောကြားထားတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြောက်ကိုရီးယား ကိုယ်စားလှယ် တစ်ဦးက တောင်ကိုရီးယားရဲ့ အခြေအမြစ် မရှိတဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့ မိမိတို့ မှတ်ချက် ပြုစရာတောင် မလိုသလို ခံစားရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ပြီးနောက်ပိုင်း ရုရှားနဲ့ မြောက်ကိုရီးယားကြား ပိုမိုရင်းနီးလာပြီး အမေရိကန်က မြောက်ကိုရီးယားဟာ ရုရှားစစ်တပ်အတွက် လက်နက်တွေ ပေးပို့နေတယ်လို့ ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရောက်ရှိနေတယ်ဆိုတဲ့ ပြောဆိုမှု အပေါ် ရုရှားက မှတ်ချက်မပေးသလို မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနကလည်း တစ်ခုမှ ဖော်ပြမထားပါဘူး။

ဒါပေမဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ဖို့ မြောက်ကိုရီးယား စစ်သားတွေ ရုရှားသို့ ရောက်ရှိနေမှုကို မဟာမိတ်တွေက တုံ့ပြန်ဖို့ လိုအပ်တယ်လို့ ပြောကြားထားပါတယ်။

ရုရှားတပ်ဖွဲ့ဝင်တွေနဲ့ အတူ မြောက်ကိုရီးယား စစ်သား ၁၂၀၀၀ ကျော် တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေတယ်လို့ မိမိတို့ ကြားသိထားကြောင်း သမ္မတ ဇီလန်စကီးက ပြောကြားထားပါတယ်။

ဒါဟာ စိန်ခေါ်မှု တစ်ခု ဖြစ်ပြီး စိန်ခေါ်မှုကို မိမိတို့ ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာ သိထားသလို လက်တွဲဖော်နိုင်ငံတွေအနေနဲ့ စိန်ခေါ်မှုကနေ ရှောင်ပုန်းမနေကြဖို့ သူက တိုက်တွန်းပြောဆိုပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ဥရောပစစ်ပွဲ တစ်ပွဲမှာ ကြားဝင်ပါနေတယ်ဆိုရင် ပြုံးယမ်းအစိုးရအပေါ် ဖိအားပေးမှု မလုံလောက်သေးဘူးဆိုတာကို ဖော်ပြနေတယ်လို့ သမ္မတ ဇီလန်စကီးက ဆိုပါတယ်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေကလည်း ရုရှားဆီ မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ပို့ဆောင်ထားတာ အများကြီး ဖြစ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက်ရူတီကလည်း ရုရှား-ယူကရိန်း စစ်ပွဲမှာ မြောက်ကိုရီးယား စစ်သားတွေ ဝင်ပါတာကြောင့် စစ်ပွဲအရှိန် သိသိသာသာ မြင့်တက်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရုရှားသို့ မြောက်ကိုရီးယား စစ်သားတွေ စေလွှတ်ထားတယ်ဆိုတဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ တုံ့ပြန်ရေး မဟာမိတ်တွေနဲ့ ဆွေးနွေး တိုင်ပင်နေတယ်လို့ အမေရိကန်သံတမန် တစ်ဦးက ပြောကြားထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.