ဘူးသီးတောင်၊ အောက်တိုဘာ ၂၃

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ အာရက္ခတပ်တော် နဲ့ ARSA လက်နက်ကိုင်တပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ARSA စခန်းချထားတဲ့ နေရာ လေးခုကို သိမ်းယူနိုင်ခဲ့တယ်လို့ AA က အောက်တိုဘာ ၂၂ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ ဘူးသီးတောင်မြို့နယ် ခရုချောင်းကျေးရွာရဲ့ အနောက်မြောက်ရှိ တောတန်းတွေမှာ အာရက္ခတပ်တော် AA နဲ့ ARSA လက်နက်ကိုင်တပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။

အဲဒီအနီးပတ်ဝန်းကျင်မှာ ထိတွေ့တိုက်ပွဲ ငါးကြိမ်နီးပါး ဖြစ်ပွားခဲ့ပြီး ARSA လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခိုင်အမာ တပ်စွဲထားတဲ့ နေရာ လေးနေရာအပြင် စစ်ကောင်စီမှ တပ်ဆင်ပေးထားတဲ့ လက်နက်ခဲယမ်းတွေနဲ့ အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင် အလောင်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အောက်တိုဘာ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း မောင်တောမြို့နယ် ဂြင်းတောစခန်းရဲ့ အရှေ့ဘက်မှာလည်း ထွက်ပြေးနေတဲ့ ARSA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ မိနစ်အနည်းငယ်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

မောင်တောမြို့မှာ စစ်ကောင်စီရဲ့ နခခ ၅ စခန်းတစ်ခုသာ ကျန်ရှိနေပြီး မောင်တောနဲ့ ဘူးသီးတောင်မြို့တွေမှာ AA က လက်လှမ်းမမှီသေးတဲ့ တောင်တန်းတွေထဲမှာ ARSA၊ RSO၊ ARA လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေဟာ တပ်စခန်းတွေကို အခိုင်အမာ တည်ဆောက်ပြီး ခိုအောင်းနေတယ်လို့ ဆိုပါတယ်။

ဒါအပြင် အရပ်သားတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာ ပြန်ပေးဆွဲတာ နဲ့ ငွေညှစ်တာတွေကို ဆက်တိုက်ကျူးလွန်နေပြီး အချို့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ARSA၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးတွဲ စစ်ရေးလှုပ်ရှားနေတယ်လို့ AA က ဆိုပါတယ်။

ဒီလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အန္တရာယ်ဟာ ရခိုင်ဒေသ သာမက ဘင်္ဂဘားဒေ့ရှ်-အာရက္ခ နယ်စပ် နှစ်ဖက်မှာ နေထိုင်ကြတဲ့ အရပ်သားပြည်သူတွေအတွက်ပါ စိုးရိမ်စရာကောင်းပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက် စိန်ခေါ်တစ်ခု ဖြစ်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ထွက်ပြေးလွတ်မြောက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီမှ သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားတဲ့ မူဆလင်လက်နက်ကိုင်တပ်ဖွဲ့တွေကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်း တိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.