မကွေး အောက်တိုဘာ ၂၃

မကွေးတိုင်း ထီးလင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၂၂ ရက်မှာ ထီးလင်းမြို့နယ် အိုင်းမရွာနဲ့ ချောင်းပေါက်လမ်းဆုံကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“တစ်ဦးသေတယ်။ ရှစ်ဦးဒဏ်ရာရတယ်။ တိုက်ပွဲမရှိဘဲနဲ့ ပစ်တာပါ။ ပစ်တဲ့နေရာကလည်း အရင်ကတည်းကပစ်မယ်ဆိုပြီး သတင်းပေါက်ထားတာမလို့ အတိအကျကြီးပစ်တဲ့ သဘောပါပဲ။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက အိုင်းမရွာကို ဂျက်ဖိုက်တာနဲ့ ၅ ကြိမ်ပတ်ကာ ဗုံး ၄ လုံးကျဲချပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ပစ်ခတ်လိုက်တဲ့ ဗုံးတွေဟာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ကျေးလက်ဆေးပေးခန်းအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ် သုံးဦးအပါအဝင် ရှစ်ဦးဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ပြောကြားချက်အရ အောက်တိုဘာ ၂၃ ရက်မှာ အိုင်းမကျေးရွာအနီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ပြီး မပေါက်ကွဲသေးတဲ့ ရော့ကတ်ကျည်တွေတွေ့ရှိရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့ကလည်း ထီးလင်းမြို့နယ် ကျင်းမြောက်ရွာက လူနေအိမ်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်တာကြောင့် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ယောအလင်းတန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.