ဆာမွတ်ဆာခွန်၊ အောက်တိုဘာ ၂၃

စီးပွားရေးတည်ငြိမ်စေဖို့ ရည်ရွယ်ပြီး အလုပ်သမားတွေရဲ့ အခြေအနေကို သက်သေပြဖို့နဲ့ စာရွက်စာတမ်းတွေ လိုအပ်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ကူညီပေးဖို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ဆာမွတ်ဆာခွန်ခရိုင်မှာ လာမယ့်လအတွင်း မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံကတ်ပြား CI ထုတ်ပေးရေး ပထမဆုံးစင်တာ တစ်ခု ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။

ရွှေ့ပြောင်းအလုပ်သမားကိစ္စ စီမံခန့်ခွဲရေးဆိုင်ရာ အမျိုးသား ကော်မတီနဲ့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ကြေညာခဲ့တဲ့ အဲဒီ အစီအစဉ်က မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့က အလုပ်သမားတွေကို ကူညီ ပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အထူးသဖြင့် လာမယ့်အောက်တိုဘာ ၃၁ ရက်မှာ အလုပ်ပါမစ် သက်တမ်းကုန်တော့မယ့်သူတွေအတွက် အဲဒီ CI စင်တာက ခရီးသွားလာခွင့် စာရွက်စာတမ်း TD တွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

CI စင်တာ ဖွင့်လှစ်ရေးကော်မတီက ဆုံးဖြတ်လိုက်ကြောင်း ထိုင်း အလုပ်သမားဝန်ကြီး ဖီဖတ် ရတ်ချာကစ်ပရာခွန်က အတည်ပြုထားပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ တရားဝင် ဆက်လက် အလုပ်လုပ်နိုင်ရေး လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရရှိစေဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သိသိသာသာ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

ဆာမွတ်ဆာခွန်မှာ ပထမဆုံးဖွင့်လှစ်မယ့် CI စင်တာကို နောက်နှစ်ဧပြီလအထိ ဖွင့်ထားမှာ ဖြစ်တယ်လို့ အလုပ်အကိုင်ခန့်ထားရေး ဌာန ညွှန်ကြားရေးမှူး ဆွန်ချုင် မိုရာကော့သီရိဝမ်က ပြောပါတယ်။

မူလ စင်တာ ဖွင့်လှစ်တဲ့ နေရာမှာ CI လာရောက် လျှောက်ထားတဲ့ အလုပ်သမားအရေအတွက် အပေါ် မူတည်ပြီး နောက်ထပ် စင်တာတွေ ဖွင့်လှစ်ဖို့ စဉ်းစား ပြင်ဆင်သွားမယ်လို့ ထိုင်း အရာရှိတွေက ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက် မတိုင်ခင် ထိုင်းနိုင်ငံတဝန်းရှိ ရွှေ့ပြောင်း အလုပ်သမား အားလုံးကို မှတ်ပုံတင်နိုင်ဖို့ ထိုင်း အစိုးရဝန်ကြီးများ အဖွဲ့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ဆုံးဖြတ်ချက်နဲ့အညီ အခုလို ဆောင်ရွက်တာ ဖြစ်ပါတယ်။

Ref:Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.