ဟနွိုင်း၊ အောက်တိုဘာ ၂၃

နိုင်ငံရေး ဝရုန်းသုန်းကား ဖြစ်ပြီးနောက် စစ်ဗိုလ်ချုပ် လူအွန် ကူအွန်ကို ဗီယက်နမ်လွှတ်တော်က သမ္မတအသစ်အဖြစ် အောက်တိုဘာ ၂၁ ရက်မှာ ရွေးကောက်တင်မြှောက်လိုက်ပါတယ်။

မကြုံစဖူး နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပွားပြီးနောက် အသက် ၆၇ နှစ်အရွယ် လူအွန် ကူအွန်ဟာ သုံးနှစ်အတွင်း ဗီယက်နမ်ရဲ့ စတုတ္ထမြောက်သမ္မတ ဖြစ်လာခဲ့ပါတယ်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရာမှာ သမ္မတ နှစ်ဦး ထုတ်ပယ်ခံခဲ့ရပြီးနောက် မေလက သမ္မတနေရာ ဆက်ခံခဲ့သူ တိုလမ်ရဲ့ နေရာကို လူအွန်ကူအွန် အစားထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။

လမ်ဟာ ဗီယက်နမ်ကို အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးချုပ်အဖြစ် သြဂုတ်လက ခန့်အပ်ခံခဲ့ရပါတယ်။

ရာထူးတိုး မခံရခင် ကူအွန်ဟာ ကွန်မြူနစ်ပါတီရဲ့ ရာထူးအဆင့်ဆင့်မှာ စတုတ္ထအမြင့်ဆုံးရာထူးဖြစ်တဲ့ ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူ့ကို သမ္မတ ခန့်လိုက်တာက ၂၀၂၆ မှာကျင်းပမယ့် ပါတီ ညီလာခံမတိုင်ခင်ကာလ အသစ်တစ်ခုကို ကြီးကြပ်ဖို့ အချိန်ကိုက် လုပ်ဆောင်တာ ဖြစ်တယ်လို့ လေ့လာသူတွေက ယုံကြည်ထားပါတယ်။

သူဟာ စီးပွားရေး အသိုင်းအဝိုင်းနဲ့ နိုင်ငံခြား ရင်းနှီမြှုပ်နှံသူတွေကို ကတိတွေ အများကြီး ပေးထားသူ ဖြစ်တယ်လို့ တတ်သိ ပညာရှင်များအဖွဲ့ ISEAS-Yusof Ishak Institute ရဲ့ ဧည့်အဖွဲ့ဝင် ငုယင်ခက် ဂျီအန်က ပြောကြားထားပါတယ်။

အာဏာလွန်ဆွဲမှုနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ဆောင်နေချိန် ဗီယက်နမ်နိုင်ငံရေးဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ်က အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။

ပါတီ အကြီးအကဲဟောင်း ငုယင် ဖျူ ထရွန် ဇူလိုင်လမှာ သေဆုံးသွားပြီးနောက် မသေချာမရေရာတဲ့ အခြေအနေတွေ ပိုမို ဆိုးရွားလာခဲ့ပါတယ်။

ဒီအနေအထားမှာ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ ရဲအကြီးအကဲဟောင်း မစ္စတာ လမ်က အင်အား ပိုကောင်းလာခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ်မှာ သြဇာအကြီးမားဆုံး ဆုံးဖြတ်ချက်ချမှတ်တဲ့ အဖွဲ့ ဖြစ်တဲ့ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၁၅ ဦးအနက် သုံးပုံ နှစ်ပုံဟာ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လာသူတွေ ဖြစ်ပါတယ်။

ဒါက ဗီယက်နမ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည် ကောင်းမွန်တဲ့ လက္ခဏာ တစ်ခု မဟုတ်ဘူးလို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.