ဘားအံ၊ အောက်တိုဘာ ၂၂

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗဟိုစစ်ဌာနချုပ်ကို ဒီနေ့အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက် ခိုက်ခဲ့ရာ လူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

KNU တပ်မဟာ ၇ နယ်မြေ KNLA ဗဟိုစစ်ဌာနချုပ်ဖြစ်တဲ့ သေ့ဘေ့ထာစခန်းကို စစ်ကောင်စီတပ်က ဒရုန်း ၄ စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အ ရပ်သားတချို့ တိမ်းရှောင်နေကြကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး လတ်တလောမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟို၊ KNLA စစ်ဌာနချုပ်ရုံး၊ KNU ဖားအံခရိုင်တို့ဘက်က သတင်းထုတ်ပြန်ချက် တစ်စုံတစ် ရာထုတ်ပြန်မှုမရှိသေးဘဲ ဖြစ်စဉ်အသေးစိတ်သိရဖို့ KNU ဗဟိုပြောရေးဆိုခွင့်ရှိသူတွေထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

KNU ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေအတွင်းရှိ KNU ဗဟိုဌာနချုပ်နေရာတွေကို စစ်ကောင်စီတပ် ဒရုန်းနဲ့ထောက်လှမ်းမှုတွေ မကြာခဏလုပ်ဆောင်လျက်ရှိနေပေမယ့် တိုက်ခိုက်မှုတွေကတော့ မပြုလုပ်ခဲ့ဘဲ အခုတစ်ခါမှာသာ ဒရုန်းနဲ့ ပထမဦးဆုံးအကြိမ်အနေနဲ့ တိုက်ခိုက်မှုပြုလုပ်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က KNU နယ်မြေ လေးကေကော်မြို့မှာ တစ်ခုတည်းကျန်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စွယ်တော်ဗျူဟာကုန်း(အမြောက်ကုန်း)ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက် ခိုက်သိမ်းပိုက်မှုကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNLA/PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.