ဝေါ၊ အောက်တိုဘာ ၂၂

ပဲခူးတိုင်း ဝေါမြို့နယ် ရှမ်းကိုင်းကျေးရွာထိပ်ရှိ ရေတံခါးစစ်ဆေးရေးဂိတ် စီးနင်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကို ဒီနေ့ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သလို စစ်ဆေးရေးဂိတ်တာဝန်ခံ အရာရှိအပါအဝင် ကျန်အဖွဲ့ဝင်တချို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ စစ် ဆင်ရေးမှာပါဝင်တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီထံကနေ သေနတ်ငါးလက်၊ ကျည်ဘောက် ခုနှစ်ခု၊ ကျည်အတောင့် ၅၀ ကျော်အပါအဝင် လေးခွတစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ရေတံခါးစစ်ဆေးရေးဂိတ်ဟာ လိုင်စင်မဲ့ယာဉ် သယ်ဆောင်သူတွေနဲ့ ကျွဲနွားမှောင်ခိုသမားတွေထံက ဆက်ကြေးငွေတောင်းဖို့ ဖွင့်ထားတဲ့ဂိတ်ဖြစ်သလို စစ်တောင်းမြစ်အတွင်းကနေ PDF တွေ မလာနိုင်အောင်ကာထားတဲ့ ဂိတ်ဖြစ်တယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကလည်း ဝေါမြို့နယ် သပြေကန်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ကျိုက်ထိုမြို့နယ် မုပ္ပလင်စစ်တောင်းတံတားအသစ်ဘက်ခြမ်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.