မော်လမြိုင်၊ အောက်တိုဘာ ၂၁

နိုင်ငံအနှံ့ တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်းမဖြစ်မနေ စစ်မှုထမ်းဆောင်ရမယ့် စစ်မှုထမ်းအပတ်စဉ် ၆ သင်တန်းကို ထပ်မံဖွင့်လှစ်လိုက်တယ်လို့ ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၆ သင်တန်းကို အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်အသီးသီးမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သင်တန်းသားအရေအတွက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိပါဘူး။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းသင်တန်း တက်ရောက်ကျမယ့် သင်တန်းသားတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအပါအဝင် တိုင်းမှူးတွေက လာရောက်တွေ့ဆုံခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေတွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ တပ်အင်အားပြုန်း တီးမှုနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အပတ် ၅ အထိ စစ် သားစုဆောင်းခံရသူ ၂၁၀၀၀ ထက်မနည်း ရှိခဲ့ပါတယ်။

စစ်မှုထမ်းအဖြစ် စစ်သားစုဆောင်းခံရသူတွေကို နိုင်ငံတဝန်းရှိ စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ သင်တန်းပို့ချနေပြီး ရှမ်းပြည်နယ်က သင်တန်းကျောင်း စုစုပေါင်း ၇ ကျောင်းနဲ့ အများဆုံး ဖွင့်လှစ်ခဲ့တာပါ။

စစ်သားစုဆောင်းခံရသူတွေဟာ သင်တန်းပြီးနောက် ရှေ့တန်းသို့ ပို့ဆောင်ခံရတာကြောင့် ထိခိုက်သေဆုံးတာတွေရှိနေပြီး အဲဒီထဲက စစ်မှုထမ်းသင်တန်းဆင်းတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်သွားတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.