တီဟီရန်၊ အောက်တိုဘာ ၂၁

ဟားမာ့စ်အဖွဲ့ ခေါင်းဆောင် ယာယာ ရှင်ဝါ သေဆုံးမှုကြောင့် မဟာမိတ်တို့ရဲ့ ခုခံတိုက်ခိုက်မှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘဲ ဟားမာ့စ်အဖွဲ့ ဆက်လက် ရှင်သန်နေဦးမယ်လို့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ပြောကြားလိုက်ပါတယ်။

သူ့ကို ဆုံးရှုံးလိုက်ရတာဟာ မဟာမိတ် ခုခံတိုက်ခိုက်ရေး အင်အားစုတွေအတွက် နာကျင်စရာ ဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုပေမယ့် အထင်ကရ ပုဂ္ဂိုလ်တွေရဲ့ အာဇာနည် စိတ်ဓာတ်နဲ့ ခုခံတိုက်ခိုက်မှုတွေကတော့ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ခေါင်းဆောင်ကြီး ခါမေနီက ကြေညာချက် တစ်ရပ်မှာ ပြောဆိုထားပါတယ်။

ဂါဇာမှာ စစ်ပွဲ စတင်စေခဲ့တဲ့ ဟားမာ့စ်အဖွဲ့ရဲ့ ပြီးခဲ့တဲ့ နှစ်အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကို နောက်ကွယ်က ဦးဆောင်သူ ယာယာ ရှင်ဝါကို အစ္စရေးတပ်တွေက နှစ်နဲ့ချီ လိုက်လံ ရှာဖွေခဲ့ပြီးနောက် အောက်တိုဘာ ၁၆ ရက် တိုက်ပွဲအတွင်း ရှင်းလင်း သုတ်သင်နိုင်ခဲ့ပါတယ်။

ရန်လို ဖိနှိပ်တဲ့ ရန်သူတွေကို ခုခံတိုက်ခိုက်ရာမှာ ရှင်ဝါဟာ ထင်ရှားသူ တစ်ဦး ဖြစ်ပြီး ဉာဏ်ပညာနဲ့ သတ္တိ အားကောင်းသူ တစ်ဦး ဖြစ်တယ်လို့ ခေါင်းဆောင်ကြီး ခါမေနီက ပြောကြားထားတာပါ။

မဟာမိတ်တို့ရဲ့ ခုခံ တိုက်ခိုက်ရေး အင်အားစုကို အီရန်ရဲ့ ထောက်ပံ့မှုနဲ့ နှစ်များစွာကြာ တည်ဆောက်ထားတာ ဖြစ်ပြီး ယီမင်ရှိ ဟူသီအဖွဲ့၊ လက်ဘနွန်ရှိ ဟစ်ဇဘိုလာအဖွဲ့နဲ့ အီရတ်နဲ့ ဆီးရီးယားရှိ အမျိုးမျိုးသော ရှီးဟိုက် မွတ်စလင် လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပါတယ်။

ဟစ်ဇဘိုလာ၊ ဟူသီတို့ အပါအဝင် အီရန် ထောက်ပံ့ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက ဟားမာ့စ်ကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးနဲ့ ဒေသတွင်း ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြပါတယ်။

ဒီအင်အားစုဟာ အဓိကအားဖြင့် ဒေသတွင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ သြဇာလွှမ်းမိုးမှုကို ခုခံတိုက်ခိုက်နေတဲ့ အင်အားစု ဖြစ်ပါတယ်။

ဂါဇာရှိ ဟားမာ့စ်အဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ အစ္စရေးကို တိုက်ခိုက်နေတဲ့ ဟစ်ဇဘိုလာအဖွဲ့အား အစ္စရေးက ဝေဟင်ကရော မြေပြင်ကပါ တိုက်ခိုက်နေတာကြောင့် အရှေ့အလယ်ပိုင်းမှာ ပိုမို ကျယ်ပြန့်တဲ့ စစ်ပွဲကြီး တစ်ပွဲဖြစ်လာနိုင်ပြီး အစ္စရေး မဟာမိတ် အမေရိကန်နဲ့ ရန်သူ အီရန်လည်း ပါဝင်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ် နေပါတယ်။

ဒီအတောအတွင်း အစ္စရေးက အီရန်ကို တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ ထိပ်တန်း လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ပတ်သက်လို့ အမေရိကန်က စုံစမ်း စစ်ဆေးနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.