လားရှိုး၊ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၃၁ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က အောက်တိုဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေကိုတော့ MNDAA နိုင်ငံရေးဌာနက နေရပ်ပြန်ပို့ဖို့အတွက် အောက်တိုဘာ ၁၆ ရက်နေ့မှာ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ နိုင်ငံရေးဌာနရဲ့ တာဝန်ရှိသူတွေဟာ တပ်မိသားစုဝင် ၃၁ ဦးကို လုံခြုံတဲ့ နေရာအထိ လိုက်လံပို့ဆောင်ပေးခဲ့ပြီး စားနပ်ရိက္ခာနဲ့ သက်ဆိုင်ရာ ခရီးစရိတ်တွလည်း ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံပန်းတွေကို ရိုက်နှက်ညှင်းပန်းတာနဲ့ စစ်သုံ့ပန်းတွေရဲ့ စိတ်ဓာတ်ရေးရာကို စော်ကားခြင်း လုံးဝမရှိသော MNDAA မဟာမိတ်တပ်ရဲ့ ကျင့်ဝတ်တွေကို လေးစားလိုက်နာမယ်လို့လည်း မိသားစုဝင်တွေနဲ့ ညှိနှိုင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ကွမ်းလုံမြို့နယ် နမ့်ဟူကျေးရွာအုပ်ရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာရပ်ကွက်တွေကို ပေါက်ကွဲအားပြင်းတဲ့ ဗုံးတွေအသုံးပြုပြီး အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲခဲ့တဲ့ နေရာဟာ တိုက်ပွဲဖြစ်ပွားရာ ဒေသမဟုတ်သလို လက်နက်ကိုင်တပ်ဖွဲ့တွေ တပ်စွဲထားခြင်းမရှိတဲ့ နေရာဖြစ်ပြီး အခုလို ဗုံးကြဲမှုကြောင့် ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲ စတင်ချိန်မှစပြီး စစ်ပွဲတွေ ပြီးသွားခဲ့ပေမယ့် စစ်ကောင်စီတပ်ဟာ အထူးဒေသ ၁ ရဲ့မြို့တော် လောက်ကိုင်မြို့အပြင် ကွတ်ခိုင်ခရိုင်၊ သိန္ဒီခရိုင်နဲ့ လားရှိုးမြို့တွေကို လေကြောင်းဗုံးကြဲ တိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေတာ ဖြစ်ပါတယ်။

ကိုးကန့်တပ်မတော် MNDAA က လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံပန်းတွေနဲ့ မိသားစုဝင်တွေကို ယာယီအခြေချ နေထိုင်ရေးစခန်းတွေကို ပြောင်းရွှေ့နေထိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.