ဟာရစ်ဘာ့ဂ်၊ အောက်တိုဘာ ၂၁

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ဒေါ်နယ်ထရန့်လိုလားတဲ့ လူထု ထောက်ခံပွဲ တစ်ခုမှာ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်အထိ တစ်ရက်ကို ဒေါ်လာ ၁ သန်းစီ ပေးမယ်လို့ ဘီလျံနာ သူဌေးကြီး အီလွန်မက်စ်ရဲ့ ကတိပေး ပြောဆိုမှုကို ဥပဒေစည်းကြပ်ရေးဌာနတွေက စုံစမ်းစစ်ဆေးပေးဖို့ ပန်ဆယ်ဗေးနီးယားပြည်နယ် ဒီမိုကရက် အုပ်ချုပ်ရေးမှူး ဂျို့ရှ် ရှက်ပီရိုက အောက်တိုဘာ ၂၀ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲမှာ ရီပက်ဘလေကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ် ထရန့်ကို ထောက်ခံရေး Tesla ကုမ္ပဏီ စီအီးအို အီလွန်မက်စ် တည်ထောင်ထားတဲ့ နိုင်ငံရေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေး အဖွဲ့ America PAC က ပန်ဆယ်ဗေးနီးယားပြည်နယ် ဟာရစ်ဘာ့ဂ်မြို့မှာ အောက်တိုဘာ ၁၉ ရက်က ကျင်းပခဲ့တဲ့ လူထုစုဝေးပွဲအတွင်း တက်ရောက်လာသူ တစ်ဦးကို အီလွန်မက်စ်က ဒေါ်လာ ၁ သန်းတန် ချက်လက်မှတ် တစ်စောင်ပေးခဲ့ပါတယ်။

ပါတီနှစ်ရပ်လုံး အတွက် အနိုင်ရနိုင်ခြေ ဆတူရှိနေတဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ မဲပေးသူတွေကို ဒေါ်လာ ၁ သန်းစီ နေ့စဉ်ပေးသွားမယ်ဆိုတဲ့ အီလွန်မက်စ်ရဲ့ ပြောဆိုမှုဟာ စိုးရိမ်စရာ ကောင်းပြီး ဥပဒေစည်းကြပ်ရေး ဌာနတွေက စုံစမ်း စစ်ဆေးသင့်တယ်လို့ အုပ်ချုပ်ရေးမှူး ရှက်ပီရိုက ပြောပါတယ်။

အီလွန်မက်စ်ရဲ့ အခု ကတိစကားဟာ ဒီမိုကရက်ပြိုင်ဖက် ဒုသမ္မတ ကာမယ်လာ ဟားရစ်နဲ့ ထရန့်တို့ကြား အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် သမ္မတရွေးကောက်ပွဲအပေါ် သြဇာ လွှမ်းမိုးနိုင်ရေး သူ့ရဲ့ ချမ်းသာ ကြွယ်ဝမှု အင်အားကို အသုံးချနေတဲ့ နောက်ဆုံးဥပမာ တစ်ခုပဲ ဖြစ်ပါတယ်။

ပန်ဆယ်ဗေးနီးယားပြည်နယ်ဟာ ကိုယ်စားလှယ်လောင်း နှစ်ဦးလုံး အတွက် နိုင်ကို နိုင်မှဖြစ်မယ့် မဲဆန္ဒနယ် တစ်ခု ဖြစ်ပါတယ်။

အီလွန်မက်စ် တည်ထောင်ထားတဲ့ America PAC အဖွဲ့ဟာ ကိုယ်စားလှယ်လောင်းနှစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ မဲပေးသူတွေကို စည်းရုံးရေး၊ မှတ်ပုံတင်ရေး ကူညီပေးနေပေမယ့် သူတို့ရဲ့ ရည်မှန်းချက် ပြည့်ဝဖို့ အခက်အခဲတွေလည်း ရှိနေပါတယ်။

အောက်တိုဘာ ၁၉ ရက်မှာ အီလွန်မက်စ် ပေးတဲ့ ချက်လက်မှတ်ကို လက်ခံရရှိခဲ့သူဟာ ဂျွန်ဒရီမာ ဆိုသူ ဖြစ်ကြောင်း အခမ်းအနား ဝန်ထမ်း တစ်ဦးက ပြောကြားထားပါတယ်။

အောက်တိုဘာ ၂၀ ရက်ကလည်း ပစ်ဘာ့ဂ်မြို့မှာ ကျင်းပတဲ့ အခမ်း အနား တစ်ခုအတွင်း အီလွန်မက်စ်က အမျိုးသမီး တစ်ဦးကို ဒုတိယမြောက် ဒေါ်လာ ၁ သန်းတန် ချက်လက်မှတ် ပေးခဲ့တယ်လို့ America PAC အဖွဲ့က လူမှုမီဒီယာမှာ ရေးသားထားပါတယ်။

လက်နက်ဝယ်ယူခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့် အာမခံပေးထားတဲ့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုကို ထောက်ခံကြောင်း လျှောက်လဲမှုအပေါ် ထောက်ခံမဲ ပေးသူတွေကို တစ်ရက်မှာ တစ်ယောက် ဒေါ်လာ ၁ သန်း ပေးသွားမှာ ဖြစ်တယ်လို့ အီလွန်မက်စ်က ကြေညာထားပါတယ်။

ဒေါ်လာ ၁ သန်း ရရှိရေး သတ်မှတ်ချက်အနေနဲ့ အဲဒီ လျှောက်လဲချက်ကို ထောက်ခံမဲပေးသူတွေဟာ ကိုယ်စားလှယ်လောင်း နှစ်ဦးစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် အာရီဇိုးနား၊ ဂျော်ဂျီယာ၊ မီချီဂန်၊ နာဗားနား၊ မြောက်ကယ်ရိုလိုင်းနား၊ ပန်ဆယ်ဗေးနီးယားနဲ့ ဝင်ကင်ဆင် ပြည်နယ် စတဲ့ ပြည်နယ် ၇ ခုက တစ်ခုခုမှာ နေထိုင်ပြီး မဲပေးဖို့ မှတ်ပုံတင်ထားသူ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

အဲဒီ လျှောက်လဲချက်ကို ထောက်ခံမဲ ပေးရင် ပန်ဆယ်ဗေးနီးယားမှာ မှတ်ပုံတင်သူ တစ်ယောက်ချင်းစီကို ဒေါ်လာ ၁၀၀ စီပေးမှာ ဖြစ်တယ်လို့လည်း America PAC က ကြေညာထားပါတယ်။

Ref:Reuters/AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.