ဘီးလင်း၊ အောက်တိုဘာ ၂၂

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း နှစ်ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် သုံးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က သိမ်ဇရပ်ကနေ ဘီးလင်းမြို့နယ်ထဲ မောင်းနှင်းလာတဲ့ ကားငါးစီးပါ စစ်ကောင်စီယာဉ်တန်းကို အလူးလေးကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီနောက် အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းနဲ့ နေ့လည်တို့မှာလည်း အလူးလေးကျေးရွာနဲ့ ရွှေရောင်ပြကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်းတွေ ထပ်မံတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း သတင်းအရ အပိုင်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က သုံးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး ကားတစ်စီးထိခိုက်ပျက်စီးတာ ရှိခဲ့တယ်လို့ ဘီးလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်းတွေ တိုက်ခိုက်ခံရပြီးနောက် ဘီးလင်းအခြေစိုက် စစ်ကောင်စီတပ်ကနေ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲကို နေ့ရောညပါ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း ဘီးလင်းမြို့နယ် ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏတိုက်ခိုက်ခံနေရတဲ့အတွက် စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်တာ၊ ကင်းစခန်းအခိုင်အမာ တည်ဆောက်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် သံတံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပြီး အရပ်သားပြည်သူ သုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.