မကွေး အောက်တိုဘာ ၂၁

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီက မြို့နယ်အတွင်း နေရာအနှံ့မှာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက်တွေမှာ ပွင့်ဖြူမြို့ပေါ်နဲ့ မဲဇလီကျေးရွာတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။

“လောလောဆယ် ရှောက်တောတံတားမှာ အစစ်အဆေးကြမ်းတယ်။ရှောက်တောမှာလည်း စကစတွေ အများကြီးရောက်နေတယ်။ စစ်ဆေးတာတွေလုပ်နေတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်မှာ ပွင့်ဖြူမြို့နယ် အရှေ့ပိုင်းရပ်ကွက်က အုပ်ချုပ်ရေးမှူး သာဒွေးအောင်ရဲ့ နေအိမ်ကို အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အဲဒီ တိုက်ခိုက်မှုကို စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီ လက်အောက်ခံတွေကို အဝေးထိန်းမိုင်းနဲ့ ထပ်မံ တိုက်ခိုက်ခဲ့ရာမှာ ပွင့်ဖြူမြို့မ စခန်းမှူးအပါအဝင် စစ်ကောင်စီ လက်အောက်ခံ ၅ ဦး ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၁ ရက်မှာတော့ မဲဇလီကျေးရွာ သုသာန်ဂိတ်အနီးမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီးအဆင့်ရှိသူ တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့အစည်းကလုပ်ဆောင်တယ်ဆိုတာမသိရသေးပဲ တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီက ဖမ်းဆီးတာတွေ၊ စစ်ဆေးရေး တင်းကျပ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.