ပုလော၊ အောက်တိုဘာ ၂၁

တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်မှာ ကျောင်းသားအများစု လိုက်ပါလာတဲ့ စက်လှေတိမ်းမှောက်မှုကြောင့် လူပေါင်း ၇၀ ကျော် ပျောက်ဆုံးနေပြီး လက်ရှိမှာ အလောင်း ၁၁ လောင်း ပြန်လည်တွေ့ရှိထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လူပေါင်း ၉၀ ကျော် တင်ဆောင်လာတဲ့ ခရီးသည်တင် နှစ်ထပ် စက်လှေဟာ မနေ့ အောက်တိုဘာ ၂၀ ရက်နေ့ ည ၉ နာရီအချိန်ခန့်မှာ ကျောက္ကာကျေးရွာကနေ မြိတ်မြို့သို့ သွားစဉ် ပင်လယ်ပြင်မှာ နစ်မြုပ်တိမ်းမှောက်သွားတာပါ။

ဒေသခံတွေရဲ့ပြောပြချက်အရ အဲဒီစက်လှေဟာ ကျောက္ကာကျေးရွာကနေ ထွက်ခွာပြီး မိနစ် ၃၀ နီးပါးအကြာမှာပဲ ပင်လယ်ဝဲနဲ့ထိပြီး တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။

“ဒီစက်လှေမှာက မြိတ်မှာ ကျောင်းသွားပြန်တက်မယ့် ကလေးတွေ အများဆုံးပါတယ်။ လူလည်းများ ပစ္စည်းဝိတ်လည်းများ ရေစီးလည်းသန်နေချိန် ဖြစ်တဲ့နေရာအနားမှာလည်း ဝဲတစ်ခုကရှိနေတော့ လှေနစ်သွားတာ” လို့ ကျောက္ကာဒေသခံတစ်ဦးက ပြောပါတယ်။

စက်လှေတိမ်းမှောက်မှုကြောင့် ဒီနေ့ အောက်တိုဘာ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်အထိ သုံးလသားအရွယ် ကလေးတစ်ဦး၊ အမျိုးသမီး ရှစ်ဦး၊ အမျိုးသား နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိထားပြီး လေးဦးကိုသာ အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့တာပါ။

စက်လှေတိမ်းမှောက်မှုမှာ ပျောက်ဆုံးနေတဲ့လူတွေကို ဒေသခံတွေက ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး စစ်ကောင်စီရေတပ်ဘက်ကတော့ လက်ရှိအချိန်အထိ ရှာဖွေကယ်ဆယ်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ကျောက္ကာကျေးရွာဟာ ပင်လယ်အတွင်းမှာရှိတဲ့ ကျွန်းပေါ်မှာ တည်ရှိပြီး အောက်တိုဘာ ၁၄ ရက်နေ့ကစလို့ မြိတ်ပြည်ထောင်စုလမ်းပေါ်မှာ တိုက်ပွဲပြင်းထန်နေတဲ့ မီးလောင်ချောင်းကျေးရွာအနီး တည်ရှိပါတယ်။

ဒေသခံတွေဟာ ပုံမှန်အားဖြင့် မြိတ်မြို့ကို ကုန်းလမ်း၊ ရေလမ်းကနေ သွားလာနေကြပေမယ့် အခုအခါ ကုန်းလမ်းကြောင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အစစ်ဆေးများတာကြောင့် ရေလမ်းကြောင်းကိုသာ အများဆုံး အသုံးပြုနေကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.