ထားဝယ်၊ အောက်တိုဘာ ၂၂

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦးဟာ ဆေးဝါးကုသမှုခံယူချိန် လေဖြတ်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဉ်းသားများကွန်ရက် DPPN ထံက သိရပါတယ်။

သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟာ ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဦးရဲအောင် ခေါ် ကိုချင်းဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့မှာ လေဖြတ်ရောဂါနဲ့ သေဆုံးခဲ့တာပါ။

ဦးရဲအောင်ဟာ ထားဝယ်ထောင်ထဲမှာရှိနေချိန် လေဖြတ်ရောဂါဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ စက်တင် ဘာ၂၇ ရက်နေ့မှာ ထောင်အာဏာပိုင်တွေက ထားဝယ်ဆေးရုံးကြီးသို့ ပြောင်းရွှေ့ကုသနေစဉ် သေ ဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ဦးရဲအောင်ဟာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည နဲ့ ပုဒ်မ ၅၂ က တွေနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသူဖြစ်တယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဉ်းသားများကွန် ရက်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထားဝယ်အကျဉ်းထောင်မှာတော့ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၄၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း နိုင်ငံရေးအကျဉ်းသား ဦးကျော်သိန်းဟာ အမောဖောက်လာလို့ ထောင်ပြင်ပဆေးရုံကို ပို့ဆောင်ချိန် လမ်းမှာသေဆုံးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ကလည်း ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ အချိန်မီထောင်ပြင်ပဆေးရုံကို ပို့ဆောင်ခြင်းမရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းရှိအကျဉ်းထောင်တွေမှာ အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား အ ကျဉ်းသူ ၁၂ ဦး ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံမှ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.