တောင်ငူ၊ အောက်တိုဘာ ၂၁

ပဲခူးတိုင်း တောင်ငူမြို့နယ်ရှိ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် လေတပ်စစ်သည် လေးဦး သေဆုံးခဲ့ပြီး လေတပ်အရာရှိနှစ်ဦး အပါအဝင် ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warrior Myanmar (BWM) က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး သုံးလုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေ ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံး နှစ်လုံးဟာ လေတပ်အတွင်းရှိ မော်တော်ယာဉ်ဂိုဒေါင်နဲ့ လေယာဉ်သိုလှောင်ရုံပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ရဟတ်ယာဉ် ဒလက်နဲ့မှန်ကွဲပြီး နောက်အမြီးပိုင်းမှာ ထိမှန်ခဲ့ပြီး Y12 တစ်စင်းလည်း သုံးမရလောက်အောင် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် လေတပ်အတွင်းမှ လေတပ်စစ်သည် လေးဦး သေဆုံးခဲ့ပြီး လေတပ်အရာရှိနှစ်ဦးအပါအဝင် အခြားအဆင့် စစ်သည် ရှစ်ဦး ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှ လေကြောင်းစစ်ဆင်ရေးတွေကို အရှိန်အဟုန်မြင့် လုပ်ဆောင်နေတာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ နေ့ရောညပါ အသက်ဆုံးရှုံးဆုံးနေရပြီး တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုလည်း ပြည်သူတွေ မနေထိုင်ဖို့ ညတိုင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

တောင်ငူလေတပ်ဟာ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ ရှမ်းတောင်တို့ရှိ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ရာမှာ အဓိကအားထားရတဲ့ စစ်ကောင်စီရဲ့ လေတပ်စခန်းတစ်ခုဖြစ်တာကြောင့် တောင်ငူလေတပ် မစ်ရှင်ကို ပြုလုပ်ခဲ့တာပါ။

ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကိုတိုက်ခိုက်ရာမှာ ထင်းရာစိုင်းသလို ဖြစ်နေတဲ့ စစ်ကောင်စီရဲ့ လေတပ်ကို နှိမ်နင်းဖို့ အထူးလိုအပ်လာပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း လေတပ်တွေကို နည်းမျိုးစုံနဲ့ တန်ပြန်တိုက်ခိုက်ကြဖို့ BWM တိုက်တွန်းထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို တော်လှန်ရေးအင်အားစုဖြစ်တဲ့ Brave Warrior Myanmar (BWM) ရဲ့ ဦးဆောင်မှုနဲ့ NSA31 မြို့ပြပြောက်ကျားအဖွဲ့နဲ့ စစ်တောင်မြစ်ဝှမ်း ရေတာရှည်ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့ကလည်း တောင်ငူမြို့ရှိ တောင်ပိုင်တိုင်း စစ်ဌာနချုပ် ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ တပ်ရေးဗိုလ်ကြီးတစ်ဦးနဲ့ အရာရှိ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – BWM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.