မော်လမြိုင် ၊ အောက်တိုဘာ ၂၂

စစ်ကောင်စီ လက်အောက်ခံ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ရဲ့ ထုတ်ပြန်ထားတဲ့ အခြေခံရည်ညွှန်းစပါးဈေးနှုန်းဟာ တောင်သူတွေကို အရှုံးပေါ်အောင် လုပ်ဆောင်တာဖြစ်တယ်လို့ တောင်သူတွေက ဝေဖန်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံအဖွဲ့က အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို အစိုဓာတ် ၁၄ ရာခိုင်နှုန်း ရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ကာ အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ စပါးတစ်တင်း ၄၆ ပေါင်ရှိတဲ့ စပါးတင်း ၁၀၀ ကို ကျပ် ၉၅၀,၀၀၀ သတ်မှတ်ထားတာပါ။

အခုလို အခြေခံရည်ညွှန်းစပါးဈေးနှုန်း သတ်မှတ်ရတာဟာ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ တောင်သူလယ်သမားတွေအတွက် သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ ဈေးကွက်ဖြစ်အောင် ထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။

တောင်သူတစ်ဦးကတော့ လယ်တစ်ဧက စိုက်ပျိုးရေးကုန်ကျစရိတ် ကျပ် ၁၁ သိန်း လောက်ရှိနေတဲ့အချိန် စပါးတင်း ၁၀၀ ၊ ကျပ်ကိုးသိန်းခွဲ သတ်မှတ်တာဟာ တောင်သူတွေအကျိုးအမြတ်မရှိဘဲ အ ရှုံးပေါ်အောင် လုပ်ဆောင်တာဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

“အကျိုးအမြတ် ဘယ်လိုလုပ်ရှိမှာလဲ။ ဒီလောက်သွင်းအားစုတွေ မြင့်နေတဲ့နောက်တော့ ကိုးသိန်းခွဲ ဆိုတာ ဘာလုပ်လို့ရမလဲ။ အခုကလယ်တစ်ဧက ကုန်ကျစရိတ်က ၁၁ သိန်းလောက်ရှိတယ်။ သူတို့ကတော့ တောင်သူအကျိုးစီးပွားဖြစ်တယ်။ တောင်သူအကျိုးစီးပွား ထိရောက်အောင်ဆိုပြီး ဈေး နှုန်းတွေ သတ်မှတ်ပေးတယ်။ အဲဒါက မမှန်တဲ့စကားကြီးပဲ။ ကျွန်တော်တို့အတွက်က လုပ်ရင်းလုပ်ရင်းနဲ့ မြုပ်တာပဲ။ ပေါ်လာတာမရှိတော့ဘူး။ လှုပ်လေမြုပ်လေပဲ” လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနှစ်စပါးစိုက်ပျိုးချိန်မှာ သွင်းအားစုနဲ့ အထွေထွေကုန်ကျစရိတ်ကြီးမြင့်တာအပြင် သဘာ ဝဘေးဖြစ်ပြီး ရေကြီးနစ်မြှုပ်သွားတဲ့အတွက် ပြန်လည်စိုက်ပျိုးရတာတွေ၊ စပါးဖျက်ပိုး ကျရောက်တဲ့အတွက် ပိုးသတ်ဆေးတွေ အသုံးပြုရတာတွေကြောင့် ကုန်ကျစရိတ်များပြားနေချိန်မှာ အခုလို မဖြစ်စလောက် ဈေးနှုန်းသတ်မှတ်တာဟာ မဖြစ်သင့်ဘူးလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီကတော့ အခုသတ်မှတ်တဲ့ အခြေခံရည်ညွှန်း စပါးဈေးနှုန်းဟာ၂၀၂၄ ခုနှစ် မိုးစပါးနဲ့ ၂၀၂၅ ခုနှစ် နွေစပါးအတွက် ရည်ရွယ်တာဖြစ်ပြီး ဈေးကွက်ပေါက်ဈေးအနေနဲ့ ရည်ညွှန်းဈေးနှုန်းအပေါ်မှာရှိပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူဖို့နဲ့ဈေးကွက်ပေါက်ဈေးက ရည်ညွှန်းဈေး နှုန်းအောက်ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမယ်လို့ ဆိုထားပါတယ်။

နောက်ထပ် တောင်သူတစ်ဦးကလည်း စစ်ကောင်စီသတ်မှတ်လိုက်တဲ့ စပါးရည်ညွှန်းဈေးနှုန်းနဲ့ ရောင်းချပါက ခွက်ခွက်လန်အောင် အရှုံးပေါ်မှာဖြစ်သလို လက်ရှိသိန်း ၂၀ ဝန်းကျင်ရှိနေတဲ့ စပါးဈေးကိုချလိုက်ပါက လယ်သမားဘဝရပ်တည်ဖို့ မလွယ်ကူတော့ဘူးလို့ ပြောပါတယ်။

“အဲ့ဒီရည်ညွှန်းဈေးနဲ့သာ ရောင်းမယ်ဆိုရင် ခွက်ခွက်လန်အောင် ရှုံးနိုင်တာပေါ့။ အခုလက်ရှိ သိန်း ၂၀ ရှိတယ်။ ကျွန်တော်တို့ လယ်ယာမြေမှာက စက်သုံးဆီဈေးတက်ရင် စက်သုံးဆီတွေနဲ့ အလုပ်လုပ်ရတယ်၊ ပြီးတော့ တစ်ခါသွင်းအားစု မထည့်နိုင်ရင် စပါးကမထွက်ဘူး၊ အဲဒီတော့ အဲဒီဟာတွေ အကုန်လုံးက ဈေးတက်နေတယ်၊ ကျွန်တော်တို့စပါးဈေးက အခုလိုချလိုက်တယ်ဆိုရင် ဘယ်လို လုပ်ပြီးတော့ ကျွန်တော်တို့ လယ်သမားတွေဘဝ ဘယ်လိုရပ်တည်တော့မလဲ” လို့ ဆိုပါတယ်။

တောင်သူအများစုဟာ မိုးစပါး စိုက်ပျိုးချိန်က ကျွမ်းကျင်လုပ်သားရှားပါးတဲ့အတွက် စိုက်ခင်း မစိုက်ပျိုးနိုင်တော့ဘဲ ကြဲခင်းကိုသာအဓိကအားထား စိုက်ပျိုးကြတာကြောင့် စပါးအထွက်နှုန်း လျော့ကြဖို့ ရှိချိန်မှာ အခုလိုရည်ညွှန်းဈေးနှုန်း နည်းပါးတဲ့အတွက် အရင်းရဖို့တောင် မသေချာတဲ့ အခြေ အနေဖြစ်နေရတယ်လို့ တောင်သူတွေက ပြောကြပါတယ်။

စစ်ကောင်စီကတော့ တောင်သူလယ်သမားတွေအနေနဲ့ အခြေခံရည်ညွှန်းဈေးနှုန်းနဲ့ ရောင်းချဖို့ အခက်အခဲရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ မြို့နယ် ကိုယ်စားလှယ်တွေကို ဖြစ်စေ၊ အ သင်းချုပ်ရုံးဖုန်းကိုဖြစ်စေ ဆက်သွယ်နိုင်တယ်လို့ ဆိုထားပါတယ်။

တောင်သူတွေဟာ အခုပွင့်လင်းရာသီဖြစ်တဲ့ မိုးစပါးရိတ်သိမ်းချိန်ကာလမှာ လုပ်သားရှားပါးတဲ့ ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတဲ့အပြင် ရာသီဥတုအခြေအနေတွေကြောင့်လည်း မိုးစပါးရိတ်သိမ်းဖို့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ မိုးစပါးစိုက်ပျိုးဧကပေါင်း ၁၅ သန်းဝန်းကျင်ရှိပြီး နှစ်စဉ်ဆန်တန်ချိန် ၁၄ သန်း နီးပါး ထွက်ရှိနေကာ ဒီနှစ်မှာတော့ ရေကြီးနစ်မြှုပ်မှုကြောင့် မိုးစပါးစိုက်ပျိုးမြေဧက ၇ သိန်းကျော် ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.