ဘန်ကောက်၊ အောက်တိုဘာ ၁၉

အာဏာရ ဖျူထိုင်းပါတီကို ထိုင်းရွေးကောက်ပွဲကော်မရှင်က ကော်မတီ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးနေတာကြောင့် ပါတီ ဖျက်သိမ်းခံရမှုအထိ ဦးတည်သွားနိုင်တယ်လို့ ထိုင်းသတင်းဌာနတွေက အောက်တိုဘာ ၁၈ ရက်မှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက ပါတီရဲ့ လုပ်ဆောင်ချက်တွေမှာ တိုက်ရိုက် ဒါမှမဟုတ် တိုက်ရိုက်မဟုတ်ဘဲ သြဇာလွှမ်းမိုး ချယ်လှယ်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ရွေးကောက်ပွဲကော်မရှင်က ကော်မတီတစ်ရပ် ဖွဲ့စည်းထားပါတယ်။

ဒီသတင်းကို ထိုင်းမီဒီယာတွေက အမည်ဖော်ပြမထားတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြနေကြပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီးနောက် သူ့ရဲ့ နိုင်ငံရေး မဟာမိတ် ဆရီသာ သာဗီဆင် ဝန်ကြီးချုပ်ရာထူး လက်ခံတဲ့နေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံသို့ ပြန်ရောက်လာခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆရီသာကို ထုတ်ပယ်လိုက်ပြီးနောက် သက်ဆင်ရဲ့ အသက် ၃၈ နှစ်အရွယ် သမီးဖြစ်သူ ပေသွန်ထန် ရှင်နာဝါထရာက သြဂုတ်လမှာ ဝန်ကြီးချုပ် ရာထူးကို ဆက်ခံခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံရေးပါတီတွေကို ပြင်ပ လူပုဂ္ဂိုလ်တွေက သြဇာမလွှမ်းမိုးရလို့ တားမြစ်ထားပါတယ်။

စုံစမ်းစစ်ဆေးမှုအတွင်း အမှားအယွင်း တစ်ခုခု လုပ်ထားတယ်လို့ ဖော်ထုတ် တွေ့ရှိလို့ရှိရင် အရေးယူရေး စဉ်စားဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးက ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပြုပေးဖို့ ဖုန်းနဲ့ရော မက်ဆေ့ချ် ပေးပို့ပြီးတော့ရော ဆက်သွယ်မှုတွေကို ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးချုပ် သာဝမ် ဘွန်မီးက တုံ့ပြန်မှုမရှိပါဘူး။

ကွန်ဆာဗေးတစ်တွေနဲ့ ထိုင်း ဘုရင့်နန်းတော် သစ္စာခံစစ်တပ် အစုအဖွဲ့တွေကြား လက်ရှိ ဖြစ်ပွားနေတဲ့ အာဏာလွန်ဆွဲမှု အတွင်း ဖျူထိုင်း ပါတီနဲ့ သူ့အရင်က ပါတီတွေဟာ သက်ဆင်နဲ့ သူ့ညီမ ယင်လတ် အပါအဝင် ဝန်ကြီးချုပ်ငါးဦး အထိ ထုတ်ပယ်ခံခဲ့ရပါတယ်။

နိုင်ငံတော် ဝန်ကြီးချုပ်တွေကို ထုတ်ပယ်ရာမှာ တရားရုံး အမိန့်တွေအပါအဝင် အာဏာသိမ်းပြီးတော့ ထုတ်ပယ်ခဲ့တာ ဖြစ်တယ်လို့ Bangkok Post က ဖော်ပြထားပါတယ်။

ဆက်စပ်သတင်း တစ်ရပ်အနေနဲ့ လက်ရှိ ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာဟာ သူရွေးကောက် မခံရခင်မှာ မိသားစုပိုင် ကုမ္ပဏီ ၂၀ ရဲ့ အမှုဆောင်အရာရှိချုပ် ရာထူးတွေကနေ အသေအချာ နုတ်ထွက်ခဲ့သလား ဆိုတာကို စုံစမ်း စစ်ဆေးဖို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ရူအန်ခရိုင် လီကစ်ဝတ်တာနာက ရွေးကောက်ပွဲ ကော်မရှင်ထံ တောင်းဆိုထားပါတယ်။

Ref:The Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.