လောင်းလုံး၊ အောက်တိုဘာ ၂၀

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲ စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာခြောက်ရွာက ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

တပ်အင်အား ၁၅၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က လောင်းလုံးမြို့နယ် အောက်ပိုင်းဘက်ကို ရောက်ရှိနေပြီး အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ အောက်ရေဖြူကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် အောက်ရေဖြူကျေးရွာအုပ်စုက အောက်ရေဖြူ၊ ဂေါ့အင်း၊ ကဒက်ငယ်ထိန်၊ ကထိန်ကြီး၊ စပ်ပြဲ၊ ညှင်းမော်နဲ့ ပိန္ဒဲတောအပါအဝင် ကျေးရွာခြောက်ရွာက ဒေသခံ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါအပြင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား အောက်တိုဘာ ၁၆ ရက်နေ့ကစပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေသလို ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်မှာ တိုက်ခိုက်ရေးဒရုန်းအပြင် ဂျန်ပါတွေပါ ပါလာပြီး နှစ်ဖက်တိုက်ပွဲတွေမှာလည်း ထိခိုက်သေဆုံးတာတွေများတဲ့အပြင် သူတို့ရဲ့ စစ်ကောင်စီတပ်သားတွေကို အသေခံခိုင်းပြီး ရှေ့တိုးခိုင်းနေတဲ့ ပုံစံဖြစ်နေတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကြီး လက်နက်ငယ်တွေအပြင် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အောက်ရေဖြူကျေးရွာအုပ်စုက ဒေသခံသုံးဦးသေဆုံးခဲ့သလို ဂေါ့အင်းနဲ့ စစ်ပြဲကျေးရွာက ဒေသခံ ၈ ဦးလည်း ထိခိုက်ရရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ လမ်းမှာတွေ့တဲ့ အရပ်သားပြည်သူတွေကို လူသားဒိုင်းအ ဖြစ် ဖမ်းဆီးတာနဲ့ကျေးရွာအတွင်းရှိ နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးတာတွေ ပြုလုပ်တဲ့အတွက် ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း လောင်းလုံးမြို့နယ် အောက်ဘက်ရှိ ကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိ ခိုက်မှုနည်းအောင် ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၆၀,၀၀၀ နီးပါး ရှိခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့အစီအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.