ရေး၊ အောက်တိုဘာ ၂၀

မွန်ပြည်နယ် ရေးမြို့နယ် စံပြကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးရဲ ဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က စံပြကျေးရွာသုသာန်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန် ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် အချိန်တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း ရေးပြောက်ကျားတပ်မှ ရဲဘော်မိုးကြိုး၊ ဒေါနစစ်ကြောင်းက ရဲဘော်သော်ဇင်တို့ ကျဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး သေနတ်နှစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း၊ ခွဲထွက်အဖွဲ့ မွန်ပြည်သစ်ပါတီ NMSP AD ၊ ရေးပြောက်ကျား တပ် YGF ၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကလည်း ရေးမြို့နယ် ကျောင်းရွာကျေးရွာ အမှတ် ၅၈၃ ခြေမြန် တပ်ရင်းအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဲမေတစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်မှာ ပြီးခဲ့တဲ့လပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ဒေါနစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.