မော်လမြိုင် ၊ အောက်တိုဘာ ၂၀

အာဏာသိမ်းမှုအပေါ် မွန်အသိုင်းအဝိုင်းတွေကြား မတူညီတဲ့ အမြင်သဘောထားတွေ ကွဲလွဲခဲ့ကြပေမယ့် ပေါ်ပေါက်လာတဲ့ မွန်လက်နက်ကိုင်တပ်တွေအချင်းချင်း လက်ရှိမှာစစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာပါတယ်။

ဒါပေမယ့် မြောက်ပိုင်းဒေသလိုမျိုး နည်းစနစ်ကျကျ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ဖို့ ထိရောက်တဲ့ စီမံကွပ်ကွဲမှုတွေနဲ့ ကျစ်လစ်ခိုင်မာတဲ့ ဒေသတွင်းတပ်ပေါင်းစုအသွင်ဖြစ်ဖို့အထိ မရောက်ရှိလာသေးပါဘူး။

ဒီအတွက်ကြောင့် မြို့သိမ်းစခန်းသိမ်းစစ်ဆင်ရေးတွေကို ဒီကနေ့အထိ လုပ်ဆောင်တာ မတွေ့ရဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို ပြောက်ကျားစစ်ဆင်ရေးနည်းနဲ့ တိုက်ခိုက်တာ၊ ဒရုန်းဗုံးကြဲချတာလောက်ပဲ ရှိခဲ့တာပါ။

မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာသီရိမွန်ချမ်းက တောင်ပိုင်းစစ်ဒေသမှာ ဗျူ ဟာမြောက် စစ်ဆင်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ ခိုင်မာကျစ်လစ်တဲ့ တပ်ပေါင်းစုတစ်ခု ရှိဖို့ အထူးလိုအပ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုတော်လှန်ရေးကာလမှာ တောင်ပိုင်းစစ်ဒေသလို့ သတ်မှတ်ထားတဲ့ မိမိတို့ မွန်ပြည်နယ်နဲ့ ဆက် စပ် တနင်္သာရီတိုင်းဒေသကြီးမှာ ဗျူဟာမြောက် စစ်ဆင်ရေးတွေ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ စစ်ရေးအရ ထိထိရောက်ရောက် ဦးစီးဦးဆောင်နိုင်ဖို့ ခိုင်မာကျစ်လစ်တဲ့ တိုင်း ရင်းသားလက်နက်ကိုင်တပ်တစ်တပ် သို့တည်းမဟုတ် ဒေသခံတိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုတစ်ခုရှိဖို့ အထူးလိုအပ်တယ်” လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကြောင့် မွန်ပြည်နယ်အတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ပေါင်း ၃၀ ထက်မနည်း ပေါ် ပေါက်လာတဲ့ထဲက မွန်လက်နက်ကိုင်တပ်ဖွဲ့ လေးခုဟာ မတူညီတဲ့ကာလတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပေါ်ပေါက်လာတာမျိုးပါ။

အဲဒီတပ်ဖွဲ့တွေမှာ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ဟာ အာဏာသိမ်းမှု အစောပိုင်းနဲ့ နှောင်းပိုင်းကာလတွေမှာ ဖွဲ့စည်းခဲ့ကြတာပါ။

သက်တမ်းရင့် မိခင်ပါတီကနေ ခွဲထွက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ကတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီကျမှသာ ပါဝင်လာခဲ့ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဖို့ သဘောတူခဲ့ကြပါတယ်။

အလားတူ မွန်ပြည်ကာကွယ်ရေးတပ် MSDF ကလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အောက်မှာရှိတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်တည်ထောင်နိုင်တဲ့အထိ တိုက်ပွဲဝင်ဖို့ ပူးပေါင်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မျှော်မှန်းထားတဲ့ တပ်ပေါင်းစုတစ်ခုဖြစ်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး တကယ်လို့ ဖြစ် လာခဲ့ရင် အင်အား၊ ငွေကြေး၊ လက်နက်ခဲယမ်းတွေကလည်း ပြည့်ဝလာမယ်လို့ ဒေါက်တာ သီရိမွန်ချမ်းက ထောက်ပြပါတယ်။

မွန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ မွန်ပြည်နယ်အပါအဝင် ကရင်ပြည်နယ်နဲ့ တနင်္သာရီဒေသတို့မှာ သက်ဆိုင်ရာနယ်မြေအလိုက် လှုပ်ရှားနေကြပြီး NUG ရဲ့ PDF တပ်တွေအပါအဝင် အခြားတော် လှန်ရေးအဖွဲ့တွေနဲ့လည်း မဟာမိတ်ဖွဲ့ထားတာပါ။

မွန်လူထုတွေကတော့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို တစ်စုတစ်စည်းတည်းဖြစ်ဖို့ မျှော်လင့်နေကြသလို မွန်လူငယ်တွေကလည်း နိုင်ငံရေးဦးဆောင်မှုရှိတဲ့ မွန်တပ်ပေါင်းစုဖြစ်ဖို့ တိုက်တွန်းတာတွေလည်း ရှိနေတာပါ။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ မင်းသံလွင်ကတော့ မွန်တပ်တွေ ပူးပေါင်းတာကို လူငယ်တွေလည်း မျှော်လင့်နေပြီး နိုင်ငံရေးဦးဆောင်အဖွဲ့တွေအနေနဲ့ အမြန်တွေ့ဆုံညှိနှိုင်းကာ အ နာဂတ် မွန်ပြည်တည်ဆောက်ရေးအတွက် ခိုင်မာတဲ့ကတိတွေပေးဖို့ လိုအပ်နေပြီလို့ သူ့အမြင်ကို ပြောပါတယ်။

“နိုင်ငံရေးဦးဆောင်မှုရှိတဲ့ မွန်တပ်တွေ ပူးပေါင်းတာကို ကျွန်တော်တို့ လူငယ်တွေလည်း မျှော်လင့်နေပါတယ်။ ဒါပေမယ့် လက်နက်ကိုင်အချင်းချင်းသာ ပူးပေါင်းပြီး နိုင်ငံရေးဦးဆောင်မှု မပူးပေါင်းနိုင်ရင်လည်း ဒါဟာ အဖြေမဟုတ်သေးပါဘူး။ ဒါကြောင့် နိုင်ငံရေးဦးဆောင် အဖွဲ့တွေအနေနဲ့ အမြန်တွေ့ဆုံညှိနှိုင်းပြီး အနာဂတ်မွန်ပြည် တည်ဆောက်ရေးအတွက် ခိုင်မာတဲ့ ကတိကဝတ်တွေ အမြန်ပေးဖို့ လိုအပ်နေပြီလို့ မြင်ပါတယ်”လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ မွန်တပ်ပေါင်းစုဖွဲ့မယ့် ကိစ္စနဲ့ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီအပါ အဝင် မွန်ပြည်သစ်ပါတီ NMSP -AD နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ကို ဆက်သွယ်ခဲ့ပေမယ့် ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာမှာ ပြုလုပ်ခဲ့တဲ့ မွန်လူငယ်နိုင်ငံရေးဆွေးနွေးပွဲကနေ မွန်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ တပ်ပေါင်းစုအသွင် ဟန်ချက်ညီညီ ပူးပေါင်းသွားဖို့ ဘုံသဘောတူ ညီချက်တစ်ခုအဖြစ် သဘောထားထုတ်ပြန်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.