မြဝတီ၊ အောက်တိုဘာ ၁၉

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက်ရုံးမှာ ရာအိမ်မှူးအချင်းချင်း စကားများရန်ဖြစ်ရာကနေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေ သခံတွေထံကနေ သိရပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ အမှတ် ၅ ရပ်ကွက်ရုံးအတွင်းရှိနေတဲ့ ရာအိမ်မှူးအချင်းချင်း စကားများရန်ဖြစ်ရာကနေ သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အဲဒီပစ်ခတ်မှုအတွင်း ရာအိမ်မှူးကိုမြင့်စိုးဟာ ဦးခေါင်း၊ ဝမ်းဗိုက်နဲ့လက်တွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာရပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားသလို ရာအိမ်မှူးကိုဝင်းကိုမှာလည်း ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ရာအိမ်မှူးနှစ်ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ မြဝတီပြည်သူ့ဆေးရုံထံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ရာအိမ်မှူးတွေဟာ စစ်ကောင်စီရဲ့ စစ်သင်တန်းတက်ထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.