ရောမ၊ အောက်တိုဘာ ၁၉

လာမယ့်နှစ်မှာ စစ်ကောင်စီ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ သူတို့ကိုယ် သူတို့ တရားဝင် ဖြစ်စေရေး ဝါဒဖြန့်မှု တစ်ခုထက် မပိုကြောင်းနဲ့ မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေလည်း ဖြစ်ပွားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက AsiaNews သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

Italy-Burma Together အဖွဲ့အစည်းက ရောမမြို့မှာ ကျင်းပတဲ့ အခမ်းအနား တစ်ရပ်မှာ AsiaNews သတင်းဌာနက ဦးအောင်မျိုးမင်းကို တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို လေးစားမှု မရှိတဲ့ စစ်တပ်က နောက်ထပ် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပမှာကို တွေ့မြင်နေရတာက မိမိတို့အနေနဲ့ ဝမ်းနည်းစွာ ပြုံးပြီး ကြည့်နေရုံပဲ ရှိတယ်လို့ ဝန်ကြီး ဦးအောင်မျိုးမင်း ပြောပါတယ်။

စစ်တပ်ဟာ တိုက်ပွဲတွေ အလီလီရှုံးလို့ နယ်မြေ အများအပြားကို တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်လွှတ်ပေးလိုက်ရပြီး အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရချိန်မှာ ဖိနှိပ်မှုတွေက ပိုမိုဆိုးရွားလာနေပါတယ်။

အထူးသဖြင့် စစ်တပ်ဟာ မကြာသေးခင်က လေကြောင်း တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာပြီး ဒါကလည်း သူတို့မှာ လေကြောင်း အင်အား တစ်ခုပဲ ရှိတော့တာကြောင့် ဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကို တရုတ်က ကျောထောက်နောက်ခံ ပြုပေးထားပြီး လက်နက်တွေ ဆက်လက် ထောက်ပံ့နေပါတယ်။

ပြီးခဲ့တဲ့လမှာ လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ အရှိန်အဟုန်ဟာ လူ့အခွင့်အရေး ချိုးဖောက်တယ် ဆိုတာထက် ပိုဆိုးနေတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

စစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို တမင်တကာ ကျူးလွန်နေတာ မိမိတို့ မြင်တွေ့ရတယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ပြည်သူတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုတွေဟာ မဖြေရှင်းရသေးဘဲ ဆက်လက် ဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။

ဒီလို ရာဇဝတ်မှုတွေကို စစ်တပ်ဟာ ပြစ်ဒဏ်ပေးမခံရဘဲနဲ့ ကျူးလွန်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရရှိနေတဲ့ ငွေကြေးနဲ့ လက်နက် အရင်းအမြစ်တွေ အားလုံးကို ဖြတ်တောက်ပစ်ရမှာ ဖြစ်တယ်လို့ သူက ပြောဆိုထားပါတယ်။

Ref: AsiaNews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.