နောင်ချို၊ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ် နောင်ချိုမြို့ကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် ဒေသခံသုံးဦး သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီလေတပ်ကနောင်ချို မြို့ကို ဂျက်လေယာဉ်နဲ့ နှစ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် တောင်ရပ်ကွက်အတွင်းရှိ ဦးကျော်ရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးကျော်၊ သမီးဖြစ်သူ မကျော်စုဝေနဲ့ မခင်နဒီကျော်တို့ သုံးဦးသေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက် နောက်တစ်ကြိမ် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဦးပြားရဲ့ နေ အိမ်ပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးပြားနဲ့ သူရဲ့ဇနီး မငယ်ချောအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၇ လုံး ပျက်စီးခဲ့တယ်လို ဆိုပါတယ်။

အလားတူ အောက်တိုဘာ ၁၇ ရက်နေ့ သီတင်းကျွတ်လပြည့် ညကလည်း နောင်ချိုမြို့ပေါ် ရပ်ကွက်တွေကို စစ်ကောင်စီမှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သီတင်းကျွတ်အခါသမယအချိန် ပြည်သူတွေစုဝေးပြီး ရပ်ကွက်ဘုရားကျောင်းကန်တွေမှာ ဆီမီးပူဇော်ကုသိုလ် ပြုနေကြတာကို သိပါလျက်နဲ့ ရဟန်းရှင်လူ ဒေသခံပြည်သူတွေကို ဦးတည်ပြီး ရည် ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတာဟာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်ဖြစ်တယ်လို့ TNLA ကဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ မူဆယ်မြို့မှအပ ရှမ်းမြောက်ရှိ မြို့အားလုံးကို လက်လွှတ်ဆုံးရှုံးပြီးနောက် ရှုံးမဲမဲကာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဒေသခံ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ နေ့စဉ်လာရောက် ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.