ကျုံဒိုး၊ အောက်တိုဘာ ၁၉

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အဘိုးအိုတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၈ ရက် နေ့လည် ၁ နာရီအချိန်ခန့်မှာ အမှတ်၂၃၁ ခြေမြန်တပ်ရင်းလက်အောက်ခံ တပ်သစ်အမြောက်ကုန်းကနေ ဟောင်ဝှစ်ဇာလက်နက်ကြီး ခြောက်လုံးပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တောင်ကြာအင်းကျေးရွာနေ အသက် ၇၁ နှစ်အရွယ် အဖိုးဦးဖိုးအို ထိမှန်သေဆုံးခဲ့ပြီး မြောက်ကြာအင်းကျေးရွာနေ အသက် ၇၀ အရွယ် အဖိုးဦးဖိုးသိန်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကြာအင်းကျေးရွာက ဒေါ်သိန်းလုံနေအိမ် ထိမှန်ပျက်စီးခဲ့သလို ဒေါ်အေးဝင်းပိုင်ဆိုင်တဲ့ ကွမ်းခြံရှိ ကွမ်းသီးပင်တွေလည်း ပျက်စီးဆုံးရှုံးတာတွေ ရှိခဲ့တယ်လို့ ကရင်အမျိုးသားအ စည်းအရုံး KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေထဲ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကို လူသားမဆန်စွာ ကျူးလွန်လျက်ရှိတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

အလားတူ အောက်တိုဘာ ၁၅ ရက်နေ့ကလည်း KNU အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုအတွင်း အရပ်သားပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.