နေပြည်တော် ၊ အောက်တိုဘာ ၁၈

အာဆီယံက မြန်မာမှာ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့ ပြောနေပေမယ့် စစ်ခေါင်းဆောင်ကတော့ တော်လှန်ရေးအဖွဲ့တွေကို နှိမ်နင်းဖို့လိုအပ်တဲ့ လုပ်ဆောင်မှုတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့ စစ်ကောင်စီက လက်နက်ကိုင်တောင်းဆိုမှုတွေအ ပေါ် လိုက်လျောဖြေရှင်းပေးသွားမှာမဟုတ်ဘူးလို့ စစ်ခေါင်းဆောင်က အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ NCA ၉ နှစ်ပြည့် နှစ်ပတ်လည်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

လက်နက်ကိုင်နည်းနဲ့ မိမိတို့ လိုလားချက်ကို တောင်းဆိုလို့မရဘဲ တွေ့ဆုံဆွေးနွေးမှုတွေကနေ ညှိ နှိုင်းတောင်းဆိုကြဖို့ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့နည်းနဲ့သာ ပဋိပ က္ခတွေကို ပြေလည်စေမယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း စစ်တပ်အနေနဲ့ တော်လှန်ရေးအဖွဲ့တွေကို နှိမ်နင်းဖို့လိုအပ်တဲ့ လုပ် ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေကို ထပ်မံဆောင်ရွက်မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုကြဖို့ စစ်ခေါင်းဆောင်က ထပ်မံအသိပေးခဲ့တာပါ။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော်က စစ်ကောင်စီအနေနဲ့ ပြတ်ပြတ်သားသား လုပ်မှာဖြစ်တဲ့အတွက် ဆက်ပြီးအကြမ်းဖက်ဖိနှိပ်မယ့်လမ်းနဲ့ တော်လှန်ရေးအဖွဲ့တွေကြား ကွဲပြဲသွားအောင်လုပ်တာလို့ သုံးသပ်ပါတယ်။

“ပြတ်ပြတ်သားသား သူတို့လုပ်မှာပဲ။ လုပ်နိုင်သလောက် လုပ်ပေါ့ဗျာ။ ကျန်တဲ့လူတွေကလည်း သူပြောသမျှကို ဘယ်သူမှလည်း သိပ်ဂရုစိုက်နိုင်မယ်မထင်ဘူး။ တချို့ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ပါတီလေးတွေကတော့ အားပါးတရဝင်ပြီး ပွဲတွေဘာတွေတက်ပြီး ပြောနေတာကြားပါတယ်။ သူတို့မှာ လမ်းကနှစ်လမ်းပဲရှိတယ်။ တစ်ခုကဆက်ပြီးတော့ အကြမ်းဖက်ဖိနှိပ်မယ်။ နောက်တစ်ခုက ဒီတော်လှန်ရေးအဖွဲ့အစည်းတွေ ကြားထဲမှာ ကွဲပြဲသွားအောင် သူလုပ်မှာ။ ဒါသူတို့လမ်းပဲ၊ ဒီစစ်အာဏာရှင်တွေက တောက်လျှောက် ဒီလိုပဲလုပ်တာလေ။ အဲဒီတော့ သူတို့ဆက်ပြီး (တန်ပြန်တိုက် ခိုက်မှုတွေ) လုပ်မှာပါ” လို့ ဆိုပါတယ်။

လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေစတင်ဖို့ တိုက်တွန်းထားတာပါ။

ဒါကို စစ်ခေါင်းဆောင်က မြန်မာ့နိုင်ငံရေးပြဿနာကို NCA လမ်းစဉ်အတိုင်း တွေ့ဆုံဆွေးနွေးချင်တဲ့ သဘောထားတွေပြောပြီး တစ်ဘက်မှာ တော်လှန်ရေးအဖွဲ့တွေကို တိုက်ခိုက်မှုတွေ လုပ်သွားမယ့်သဘောမျိုးပြောနေတာ ဖြစ်ပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်ကလည်း ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို မြေပြင်ထိုးစစ်တွေအတွက် အ ချိန်ယူရဦးမှာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ ဒီထက်ကြမ်းတမ်းရက်စက်မယ့် အနေ အထားမျိုး ရင်ဆိုင်ရဦးမယ်လို့ သုံးသပ်ပါတယ်။

“အဲဒီတော့ ကျွန်တော်တို့အနေနဲ့ စစ်ရေးအနေနဲ့ကြည့်ရင်တော့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို မြေ ပြင်ထိုးစစ်အနေနဲ့ ဟုတ်တိပတ်တိ တိတိပပထိရောက်တဲ့ တိုက်စစ်ဆင်တဲ့ဟာမျိုး သူတို့ စုဖွဲ့ဖို့ဆိုရင်တောင်မှပဲ အချိန်သုံး/လေးလလောက် ယူရဦးမှာ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုက တော့ လားရှိုးကျပြီးမှာတင် တောက်လျှောက် ပြည်သူတွေနေတဲ့နေရာတွေကို အဓိကထားပြီး ပစ်လာတယ်။ အဲဒီတော့ လေကြောင်းတိုက်ခိုက်မှုက ဒါထက်ပိုပြီး ကြမ်းတမ်းတဲ့ အနေအထား ရက် စက်တဲ့ ဖျက်ဆီးတဲ့အနေအထားမျိုးတွေကို မလွှဲသာမရှောင်သာ မြင်တွေ့ခံစားပြီး ရင်ဆိုင်ရဦးမှာလို့ပဲ ပြောရမှာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီ တန်ပြန်ထိုးစစ်လုပ်လာနိုင်တဲ့ ဒေသတွေထဲမှာ အဓိကအားဖြင့် လတ်တလော ဆုံးရှုံးထားတဲ့ ပင်လည်ဘူးအပါအဝင် အညာနဲ့မြေလတ်ဒေသဘက်ကို သိမ်းပိုက်နိုင်ဖို့ အရင်ဦးစားပေးလိမ့်မှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒါပြီးရင်တော့ ရှမ်းမြောက်နဲ့ လက်ရှိ စစ်ရေးရင်ဆိုင်နေရတဲ့ ရခိုင်နဲ့ ကချင်ဒေသဘက်ကိုတော့ ကျန်ရှိနေတဲ့ တပ်စခန်းတွေအပါအဝင် မြို့ တွေ လက်လွှတ်မခံရဖို့အရေး ဆက်လက်တောင့်ခံသွားမယ့် အနေအထားမျိုးလို့ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိအချိန်အထိ ကချင်၊ ရှမ်းမြောက်၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ၊ ကရင်၊ မွန်နဲ့ တနင်္သာရီဒေသတွေမှာ ဒေသတွင်း EAOs တွေအပါအဝင် PDF တပ်တွေနဲ့ အခြားတော်လှန်ရေးတပ်ဖွဲ့ တွေရဲ့ စစ်ရေးဖိအားတွေကို ရင်ဆိုင်နေရတာပါ။

ဒီအတွက်ကြောင့် စစ်ရေးအင်အားအရ ပြုန်းတီးမှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် အင်အားတိုးချဲ့ ဖို့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် သင်တန်းဆင်း တပ်သားသစ်တွေကို ရှေ့တန်းစစ် မြေပြင်အထိ အသုံးချလာနေတာ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ နိုင်ငံရေး၊ စစ်ရေးသုတေသန အဖွဲ့အစည်းတွေရဲ့ ခန့်မှန်းတွက်ချက်မှုအရ စစ်ကောင်စီအနေနဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုအပါအဝင် တပ်ရင်းဌာနချုပ်တွေနဲ့ တပ်စခန်းပေါင်း ၂၅၀၀ ကျော်ကို ဆုံးရှံးခဲ့ပြီး ဖြစ်ပါတယ်။

အလားတူ ခရိုင်အဆင့်ကနေ မြို့ နယ်၊မြို့ နယ်ခွဲအဆင့်အထိ ပါဝင်တဲ့ မြို့ပေါင်း ၈၁ မြို့ ကိုလည်း တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ BNI-Myanmar Peace Monitor ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.