ဒါကာ၊ အောက်တိုဘာ ၁၈

ကျောင်းသားတွေ ဦးဆောင်တဲ့ တော်လှန်ရေးကြောင့် ရာထူးကနေ ထွက်ပေးလိုက်ရပြီးနောက် သြဂုတ်လမှာ အိန္ဒိယသို့ ထွက်ပြေးသွားခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာကို ဖမ်းဆီးဖို့ ဘင်္ဂလားဒေ့ချ် တရားရုံး တစ်ရုံးက အောက်တိုဘာ ၁၇ ရက်မှာ ဝရမ်းထုတ်လိုက်ပါတယ်။

ဒီနေ့ဟာ ထူးခြားတဲ့ နေ့ရက် တစ်ရက် ဖြစ်တယ်လို့ အစိုးရရှေ့နေ မိုဟာမက် တာဂျူလ် အစ္စလာမ်က ပြောကြားခဲ့ပါတယ်။

ဒီအမှုကို မိမိတို့ မျှော်လင့် စောင့်စားနေကြတယ်လို့ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာရဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုကို ဆန့်ကျင် အုံကြွမှု အတွင်း သေဆုံးခဲ့တဲ့ ရာနဲ့ချီတဲ့ လူတွေထဲက တစ်ဦးရဲ့ ဆွေမျိုးက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဟာဆီနာရဲ့ ၁၅ နှစ်ကြာ အုပ်ချုပ်မှုအတွင်း အစုလိုက် အပြုံလိုက် ဖမ်းဆီး ထိန်းသိမ်းတာနဲ့ သူ့ရဲ့ နိုင်ငံရေး ပြိုင်ဖက်တွေကို ဥပဒေပြင်ပ သတ်ဖြတ်တာတွေ အပါအဝင် ကျယ်ပြန့်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာကို ဖမ်းဆီးဖို့နဲ့ နိုဝင်ဘာ ၁၈ ရက်မှာ ရုံးတင်ဖို့ ညွှန်ကြားလိုက်တယ်လို့ ဘင်္ဂလားဒေ့ချ် နိုင်ငံတကာရာဇဝတ်မှု ခုံရုံး ICT ရဲ့ အစိုးရရှေ့နေချုပ် အစ္စလာမ်က အောက်တိုဘာ ၁၇ ရက်မှာ သတင်းထောက်တွေကို ပြောကြားထားပါတယ်။

ရှိတ်ခ် ဟာဆီနာဟာ ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ လူသတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေရဲ့ ခေါင်းဆောင် ဖြစ်တယ်လို့ ရှေ့နေချုပ် အစ္စလာမ်က ပြောပါတယ်။

ဟာဆီနာရဲ့ Awami League (အဝါမီလိဂ်) ပါတီ အတွင်းရေးမှူးချုပ်ဟောင်း ဝရမ်းပြေး အိုဘိုင်ဒူလ် ကွာဒါနဲ့ တခြား အမည် မဖော်ပြထားသူ ၄၄ ဦးကို ဖမ်းဆီးဖို့ကိုလည်း တရားရုံးက ဝရမ်း ထုတ်ထားပါတယ်။

ဟာဆီနာအစိုးရကို ပြုတ်ကျစေခဲ့တဲ့ မငြိမ်သက်မှု အတွင်း လူပေါင်း ၇၀၀ လောက် သေဆုံးခဲ့ရတဲ့ ရဲတပ်ဖွဲ့ရဲ့ နှိမ်နှင်းမှုမှာ လုပ်ထုံးလုပ်နည်း အမှားတွေ ရှိတယ်လို့ အများက စွပ်စွဲထားပြီး အစိုးရ အဖွဲ့ ပြိုလဲပြီးနောက် သူ့ရဲ့ မဟာမိတ်တွေ အများကြီး ဖမ်းဆီးခံခဲ့ရပါတယ်။

အစိုးရ အဖွဲ့ဝင် ဝန်ကြီးဟောင်းတွေနဲ့ Awami League ပါတီ အကြီးတန်း အဖွဲ့ဝင်တွေ ဖမ်းဆီးခံရပြီး ဟာဆီနာလက်ထက်က ခန့်အပ်ထားတဲ့ အရာရှိတွေလည်း တရားရုံးတွေနဲ့ ဗဟိုဘဏ်တို့ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ဟာဆီနာဟာ ဘင်္ဂလားဒေ့ချ်ကနေ ရဟတ်ယာဉ်နဲ့ ထွက်ပြေးသွားပြီး နောက်ပိုင်း သူ့ကို အများရှေ့မှာ လုံးဝ မမြင်တွေ့ခဲ့ရပါဘူး။

အသက် ၇၇ နှစ်ရှိပြီ ဖြစ်တဲ့ ဟာဆီနာရဲ့ နောက်ဆုံး တရားဝင် တည်နေရာဟာ အိန္ဒိယမြို့တော် နယူးဒေလီ အနီးရှိ စစ်ဖက်ဆိုင်ရာ အခြေစိုက်စခန်း ဖြစ်တယ်လို့ သိရပါတယ်။

သူ့အပေါ် ဖမ်းဝရမ်း ထုတ်လိုက်တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ရန်ဒဟာ ဂျိုင်စဝဲလ်က မှတ်ချက်ပြုဖို့ ငြင်းဆိုသွားပါတယ်။

ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရက ဟာဆီနာရဲ့ သံတမန် နိုင်ငံကူး လက်မှတ်ကို ရုတ်သိမ်းထားပြီး အိန္ဒိယနဲ့ နှစ်နိုင်ငံကြား အပြန်အလှန် လွှဲပြောင်းပေးရေး သဘောတူညီချက် ရှိတာကြောင့် သူ့အနေနဲ့ အမှုတွေ ရင်ဆိုင်ဖို့ ဒါကာမြို့ဆီ ပြန်လာရနိုင်တယ်လို့လည်း ဆိုပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.