မြဝတီ၊ အောက်တိုဘာ ၁၈

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့မှာ တစ်ခုထဲကျန်ရှိတဲ့ စွယ်တော်ဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် လေးကေကော်မြို့ဟာ စစ်ကောင်စီတပ် ကင်းစင်နယ်မြေဖြစ်သွားပြီလို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် KNU တပ်မဟာ ၆ နယ်မြေ လေးကေကော်မြို့သစ်အနီးက စစ်ကောင်စီတပ်ဖွဲ့အခြေချတပ်စွဲနေထိုင်တဲ့ စွယ်တော်ဗျူ ဟာကုန်း (အမြောက်ကုန်း) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းမဟာမိတ်အဖွဲ့တို့က ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းက စတင်ဝိုင်းရံ ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ် စွယ်တော်ဗျူဟာကုန်းရဲ့ အဝင်အထွက်လမ်းကြောင်း ရိက္ခာလမ်းကြောင်းတွေကို KNLA တပ်မဟာ ၆ တော်လှန်ရေးအင်အားစုအဖွဲ့က စတင်ပိတ်ဆို့ခဲ့ပြီးနောက် အဲဒီစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်တာ မြေပြင်ကနေ ထိုးစစ်ဆင်တာတွေ ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီတပ်က စွယ်တော်ဗျူဟာကုန်းမကျရေးအတွက် လေကြောင်းပစ်ကူကိုသာ အဓိကအားထားပြီး တိုက်ခိုက်ခဲ့သလို လေကြောင်းကနေတစ်ဆင့် သူတို့ရဲ့တပ်ဖွဲ့ဝင်တွေအတွက် လက် နက်ခဲယမ်း၊ ရိက္ခာပစ္စည်းတွေကို ချထားပေးခဲ့ပေမယ့် အဲဒီရိက္ခာပစ္စည်းထုတ်တွေကို တော်လှန်ရေးအဖွဲ့က မကြာခဏသိမ်းဆည်းရရှိခဲ့ပါတယ်။

လေးကေကော်မြို့သစ်နားမှာ တစ်ခုထဲသောကျန်ရှိနေပြီး KNLA ပူးပေါင်းအဖွဲ့က ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားတဲ့ စွယ်တော်ဗျူဟာကုန်းစခန်းထံကို တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း စစ်ကောင် စီတပ်က မြေပြင်ကနေတစ်ဆင့် စစ်ကူမပေးပို့နိုင်ခဲ့ပါဘူး။

အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာတော့ KNLA ပူးပေါင်းအဖွဲ့ရဲ့ ပိတ်ဆို့တိုက် ခိုက်မှုဒဏ်ကို မခံနိုင်တော့ဘဲ စစ်ကောင်စီတပ်က ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ပူးပေါင်းအဖွဲ့က စခန်းကုန်းကို တက်ရောက်ရှင်းလင်းခဲ့ရာမှာ လက်နက်ကြီး၊ လက်နက်ငယ် ခဲယမ်းပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ဘက်က ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

စွယ်တော်ဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် လေးကေကော်မြို့ဟာ စစ်ကောင် စီတပ် ကင်းစင်နယ်မြေဖြစ်သွားပြီလို့ ကော်ဘရာစစ်ကြောင်း ၂ (ဗီနွန်စစ်ကြောင်း)ကလည်း အသိ ပေးထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်သိရဖို့အတွက် KNU ပြောရေးဆို ခွင့်ရှိသူတွေနဲ့ ပြည်သူကာကွယ်ရေးတပ် တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိသေးသလို စစ်ကောင်စီတပ်ဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

လက်ရှိမှာတော့ မြဝတီမြို့တောင်ဘက်ခြမ်းမှာ နယ်စပ်မြို့ဝေါ်လေမြို့အနီးက စစ်ကောင်စီတပ်ရဲ့ ဝေါ်လေစစ်ဗျူဟာနဲ့ လက်အောက်ခံ တပ်စခန်းတွေတချို့ ကျန်ရှိနေပါသေးတယ်။

KNLA ပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်တဲ့ စွယ်တော်ဗျူဟာကုန်းဟာ လေးကေကော်မြို့အနီးအနားက ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ မကြာခဏဆိုသလို ပစ်ခတ်လျက်ရှိပြီး ဒီလို ပစ်ခတ်မှုတွေကြောင့် စာသင်ကျောင်း၊ ဆေးခန်းစတဲ့ အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ရသလို ဒေသခံလူထုတွေ ကြောက်ရွံ့ ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်ရတာတွေ ရှိခဲ့ပါတယ်။

လေးကေကော်မြို့သစ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစပြီး စစ်ရေးဝင်ရောက်လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ လေးကေကော်တိုက်ပွဲကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေရပြီး ဒီကနေ့အချိန်အထိ မြို့ထဲကို ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးဘဲ နယ်စပ်အနီးမှာ တိမ်းရှောင်ခိုလှုံနေထိုင်ရဆဲဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Cobra Column

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.