လောင်းလုံး၊ အောက်တိုဘာ ၁၉
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ အရပ်သားသုံးဦး သေဆုံးပြီး ရှစ်ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ်ရဲ့ ဂေါ့အင်း၊ ညှင်းမော်၊ ရေဖြူ၊ စပ်ပြဲ၊ ညှင်းပုတ်ကျေးရွာတွေထဲကို စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
နှစ်ဖက်တိုက်ပွဲတွေဟာ အောက်တိုဘာ ၁၇ ရက်နေ့အထိ နေ့စဉ်နဲ့အမျှတိုက်ပွဲပြင်းထန်နေပြီး တိုက် ပွဲအတွင်း စစ်ကောင်စီဘက်က ဒရုန်းအမြောက်အမြား အသုံးပြုလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တိုက်ပွဲအတွင်း အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးနဲ့ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ဂေါ့အင်းကျေးရွာနဲ့ စပ်ပြဲကျေးရွာတွေက ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံရှစ်ဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
အဲဒီတိုက်ပွဲတွေဟာ အောက်တိုဘာ ၁၈ ရက်နေ့ နေ့လည်ပိုင်းအထိ ထပ်မံဖြစ်ပွားတာ မရှိသေးပေမယ့် စစ်ကောင်စီဘက်က ညှင်းမော်၊ ဂေါ့အင်းနဲ့ ရေဖြူအနောက်ဘက်ခြမ်းတောပိုင်းတွေမှာ စစ် ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ညှင်းမော်၊ ညှင်းပုတ်၊ စပ်ပြဲ၊ ရေဖြူ၊ ဂေါ့အင်းကျေးရွာတွေက ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media