မော်လမြိုင် ၊ အောက်တိုဘာ ၁၉

မွန်ပြည်နယ်မှာ အခုပွင့်လင်းရာသီဖြစ်တဲ့ မိုးစပါးရိတ်သိမ်းချိန်ကာလမှာ အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက် လုပ်သားရှားပါးမှုပြဿနာနဲ့ အကြီးအကျယ်ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

အရင်က လုပ်သားတွေဟာ စပါးရိတ်သိမ်းချိန်ကာလမှာ အလွယ်တကူခေါ်ယူလို့ ရပေမယ့် လက်ရှိ ဒေသတွင်းက ပြည်ပထွက်ခွာမှုများတာ၊ တခြားဒေသတွေက လာရောက်လုပ်ကိုင်သူ မရှိလောက် နည်းပါးလာတာကြောင့် အခက်ကြုံနေရတာပါ။

လုပ်သားရှားပါးတဲ့အတွက် အရင်နှစ်ကထက် စပါးရိတ်သိမ်းခ ပိုမိုပေးဆောင်နေပေမယ့် လာရောက် လုပ်ကိုင်သူမရှိသလို စက်နဲ့ ရိတ်သိမ်းပါကလည်း စက်သုံးဆီအပါအဝင် အထွေထွေ ကုန် ကျစရိတ်တွေ မြင့်မားနေတဲ့အတွက် အချိန်မီရိတ်သိမ်းနိုင်ဖို့ အခက်အခဲရှိနေတာပါ။

တောင်သူတစ်ဦးကတော့ စပါးရိတ်သိမ်းဖို့အတွက် နေ့စားခကို တစ်နေ့တစ်သောင်းခွဲပေးပေမယ့် လုပ်သားခေါ်ယူလို့မရသလို နိုင်ငံရေးအခြေအနေနဲ့ စစ်ကောင်စီရဲ့ စစ်သားစုဆောင်းမှုတွေကြောင့် လုပ်နိုင်တဲ့ လူငယ်တွေ မရှိတော့တဲ့အတွက် ဒုက္ခအကြီးအကျယ်ရောက်နေရတယ်လို့ ပြောပါတယ် ။

“ဒီမှာကျွန်တော်တို့မှာ နေ့စားဆိုရင် တစ်နေ့ကိုတစ်သောင်းခွဲက ခေါ်လို့မရတော့ဘူး၊ လူမှမရှိတာ၊ လယ်ယာလုပ်ငန်းခွင်ဆိုတဲ့ဥစ္စာက တစ်ဦးတစ်ယောက်ကောင်း လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ၊ စုပေါင်းပြီး လုပ်ရတဲ့ကိစ္စပဲ၊ အဲဒီစုပေါင်းပြီး လုပ်ရတဲ့ကိစ္စမှာ နိုင်ငံရေးအခြေအနေက မကောင်းတာနဲ့ နောက်တစ်ခါ စစ်သားစုဆောင်းရေးနဲ့ဆိုတော့ ဒီလယ်ယာလုပ်ငန်းခွင်မှာ အင်တိုက်အားတိုက်နဲ့ လုပ်နိုင်တဲ့ လူငယ်တွေဆိုတာ မရှိသလောက် ဖြစ်သွားပြီ။ အခါကျတော့ ဒုက္ခကတော့ အကြီးအ ကျယ်ပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို လုပ်သားရှားပါးတဲ့အတွက် စပါးတွေကို အချိန်မီမရိတ်သိမ်းနိုင်ပါက ထိခိုက်ပျက် စီးမှုတွေ ရှိလာမှာဖြစ်တဲ့အပြင် နွေစပါးနဲ့ ဆောင်းရာသီသီးနှံတွေကိုပါ စိုက်ပျိုးဖို့ နောက်ကျလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

နောက်ထပ် တောင်သူတစ်ဦးကလည်း လက်ရှိစပါးရိတ်သိမ်းချိန်မှာ အလုပ်သမားရှားပါးတာနဲ့ စက် ယန္တရား အခက်အခဲပြဿနာကို တော်တော်ရင်ဆိုင်နေရပြီး အချိန်မီ မရိတ်သိမ်းနိုင်ပါက စပါး အ လေအလွင့်များကာ ဆန်အရည်အသွေးကျဆင်းပြီး ထိခိုက်မှုများနိုင်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ဆီမှာ စပါးရိတ်သိမ်းချိန် နီးလာပြီးဆိုတော့ ကျွန်တော်တို့ အလုပ်သမားရယ် စက် ယန္တရားရယ် အခက်အခဲက လယ်သမားတွေ တော်တော်ကြုံတွေ့နေရတယ်။ လုပ်သားရှားပါးတဲ့ ပြဿနာက ၉၀ ရာခိုင်နှုန်း လောက်ကို ကြုံတွေ့နေရတယ်။ ခေါ်ယူလို့ မရဘူး။ ကျွန်တော်တို့ စက်နဲ့ရိတ်မယ်ဆိုပြန်လည်း စက်ကအခုဆီ ဈေးတွေမြောက်တော့ တစ်ဧကကို အနည်းဆုံး တစ်သိန်းခွဲလို့ အသံကထွက်နေပြီး၊ ကျွန်တော်တို့ အချိန်မီမရိတ်သိမ်းနိုင်ရင်တော့ တစ်ခါမိုးဦးကိုလည်း ကျွန်တော်တို့က ကြောက်ရတယ်၊ စပါးရဲ့ အလေအလွင့်တွေကလည်း များမယ်။ တစ်ခါ ကျွန်တော်တို့ရဲ့ ဆန်အရည်အသွေးတွေကလည်း ကျသွားမယ်”လို့ ဆိုပါတယ်။

တောင်သူတွေဟာ မိုးစပါးစိုက်ပျိုးစဉ်က သွင်းအားစုနဲ့ အထွေထွေကုန်ကျစရိတ်ကြီးမြင့်တာ၊ သ ဘာဝဘေးကြောင့် ရေကြီးနစ်မြှုပ်မှုဖြစ်ပြီး ပျက်စီးတာအပြင် စပါးဖျက်ပိုးကျရောက်တဲ့အတွက်လည်း ဆုံးရှံးမှုတွေ ရှိနေတာပါ။

လက်ရှိမှာလည်း ကျွမ်းကျင်လုပ်သားတွေ ခေါ်ယူလို့မရဘဲ ရှားပါးလာတဲ့အပြင် စက်ယန္တရားတွေနဲ့ လုပ်ကိုင်ဖို့အတွက် ကုန်ကျစရိတ်ကြီးမြင့်နေတာကြောင့်လည်း စပါးအထွက်နှုန်းနဲ့ တွက်ခြေမကိုက် ဖြစ်နေရတယ်လို့ တောင်သူတွေက ပြောကြပါတယ်။

မွန်ပြည်နယ်မှာတော့ မိုးစပါးစိုက်ပျိုးမှုအနေနဲ့ နှစ်စဉ်ဧကပေါင်း ခုနှစ်သိန်းနီးပါးစိုက်ပျိုးတဲ့ ပြည် နယ်တစ်ခုဖြစ်ပြီး စပါးတင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိကာ ထွက်ရှိလာတဲ့ စပါးတွေကိုတော့ ဒေသတွင်းမှာ စားသုံးတာအပြင် တခြားတိုင်းနဲ့ ပြည်နယ်တွေကို တင်ပို့ရောင်းချနေတာပဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.