ဝါရှင်တန်၊ အောက်တိုဘာ ၁၈

မဟာမိတ်နဲ့ လက်တွဲဖော်နိုင်ငံတွေဆီ ဂြိုဟ်တုနဲ့ အာကာသယာဉ် ဆက်စပ် ပစ္စည်းတချို့ တင်ပို့မှုနဲ့ ပတ်သက်လို့ အမေရိကန် စီးပွားဖြစ် အာကာသဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတွေအပေါ် ချမှတ်ထားတဲ့ ပို့ကုန်ဆိုင်ရာ တားမြစ် ကန့်သတ်ချက်တွေကို အမေရိကန် အစိုးရက အောက်တိုဘာ ၁၇ ရက်မှာ ဖြေလျှော့ပေးလိုက်ပါတယ်။

ဒီပြောင်းလဲမှုတွေက အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားမူဝါဒ အကျိုးစီးပွားတွေကို ကာကွယ်ဖို့နဲ့ ရောင်းအားတိုးမြှင့်ရေး အမေရိကန် စီးပွားဖြစ် အာကာသ ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းနယ်ပယ် ဖွံ့ဖြိုး တိုးတက်လာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

အဲဒီဥပဒေအသစ်တွေကြောင့် သူဌေးကြီး အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီနဲ့ Lockheed Martin၊ L3Harris Technologies၊ Boeing စတဲ့ ကုမ္ပဏီတွေလို အာကာသနဲ့ ဆက်စပ်တဲ့ အမေရိကန် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကြီးတွေကို အကျိုးရှိစေမှာ ဖြစ်ပါတယ်။

နောက်ဆုံး ပြင်ဆင် ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေအရ အမေရိကန် အနေနဲ့ နိုင်ငံတကာနဲ့ လက်တွဲ ဆောင်ရွက်မှု ပိုမိုကျယ်ပြန့်အောင်၊ ပိုမို နက်ရှိုင်းအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အဝေးထိန်း အာရုံခံ အာကာသယာဉ် ဒါမှမဟုတ် အာကာသ အခြေခံ ပို့ဆောင်ရေး စုစည်း တပ်ဆင်မှု၊ အာကာယာဉ်တွေအတွက် ဝန်ဆောင်မှု ပေးတာတို့ အပါအဝင် တချို့ ပစ္စည်းတွေကို ကနေဒါ၊ သြစတြေးလျနဲ့ ဗြိတိန်တို့လို နိုင်ငံတွေဆီ တင်ပို့ရေး လိုင်စင် လိုအပ်တော့မှာ မဟုတ်တော့ဘူးလို့ အမေရိကန် စီးပွားရေးဝန်ကြီးဌာနရဲ့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒီဥပဒေတွေကြောင့် အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ အင်အားကြီးထွားလာမှုကို တုံ့ပြန်တဲ့အနေနဲ့ ၂၀၂၁ ခုနှစ်မှာ ဗြိတိန်၊ အမေရိကန်နဲ့ သြစတြေးလျတို့ကြားက သုံးနိုင်ငံ AUKUS လုံခြုံရေး သဘောတူညီမှုနဲ့ အတူ အမေရိကန်အနေနဲ့ ရှေ့တိုး ဆောင်ရွက်ရေး အထောက်အကူ ရရှိမှာ ဖြစ်ပါတယ်။

အတိမ်းအစောင်း မခံနိုင်မှု နည်းပါးတဲ့ ဂြိုဟ်တုနဲ့ အာကာသယာဉ် အစိတ်အပိုင်းတွေ၊ ဆက်စပ်ပစ္စည်းတွေကို နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့ရေး အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ လိုင်စင် လိုအပ်တော့မှာ မဟုတ်ပါဘူး။

အဲဒီနိုင်ငံပေါင်း ၄၀ ကျော်ထဲမှာ ဂျပန်၊ ကနေဒါ၊ သြစတြေးလျ၊ တောင်ကိုရီးယားနဲ့ အီးယူ အဖွဲ့ဝင်နိုင်ငံ အများစု ပါဝင်တယ်လို့ အဲဒီ ကိစ္စနဲ့ နီးစပ်သူ တစ်ဦးက ပြောကြားထားပါတယ်။

ဒါ့အပြင် အီလက်ထရစ် ဆက်သွယ်ရေး ကိရိယာတွေလို အတိမ်းအစောင်း မခံနိုင်မှု အနည်းဆုံး ပစ္စည်းတွေကို ကျန် ကမ္ဘာ့နိုင်ငံတွေဆီ တင်ပို့ရေးအတွက်လည်း အမေရိကန်ကုမ္ပဏီတွေအနေနဲ့ လိုင်စင်လိုတော့မှာ မဟုတ်တော့ပေမယ့် ရုရှားနဲ့ တရုတ်လို နိုင်ငံတွေဆီကိုတော့ တင်ပို့ခွင့် ရရှိတော့မှာ မဟုတ်ပါဘူး။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.