ဖာပွန်၊ အောက်တိုဘာ ၁၉

ကရင်ပြည်နယ်ရှိ ဖာပွန်စစ်ဗျူဟာနဲ့ ခေါပုတ်တပ်စခန်း မကျရေးအတွက် စစ်ကောင်စီတပ်က လေ ကြောင်းကနေ နေ့စဉ်လိုလို လာရောက်ပစ်ကူပေးနေသလို ခဲယမ်း၊ ရိက္ခာပစ္စည်းတွေကိုလည်း လေ ကြောင်းနဲ့ လာရောက်ပို့ဆောင်ပေးနေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖာပွန်ဗျူဟာနဲ့ ခေါပုတ်တပ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက လနဲ့ချီ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားတာပါ။

စစ်ကောင်စီဘက်ကလည်း ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ခံရတဲ့ ဖာပွန်စစ်ဗျူဟာနဲ့ ခေါပုတ်တပ်စခန်းတွေရဲ့ ခဲယမ်းမီးကျောက်၊ ရိက္ခာပစ္စည်းတို့ကို လေကြောင်းကနေ လာရောက်ချပေးတာရှိသလို လေ ကြောင်းကနေ လာရောက်ပစ်ခတ်တိုက်ခိုက်တာတွေလည်း နေ့စဉ်နဲ့အမျှ ရှိနေတယ်လို့ ဗိုလ်မှူးကြီး စောကလယ်ဒိုကဆိုပါတယ်။

ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေရဲ့ အဝင်အထွက်လမ်းကြောင်း၊ ရိက္ခာပို့ဆောင်ရေး လမ်းကြောင်းတွေကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က ဖြတ်တောက်ထားတာတွေရှိနေပြီး ပူး ပေါင်းအဖွဲ့ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းစွန့်ခွာ ထွက်ပြေးတာတွေ ရှိနေတယ်လို့လည်း ဆိုထားပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီ တပ်စခန်းပေါင်း ၇၀ ကျော်ရှိခဲ့ပြီး လက်ရှိမှာတော့ ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယပတ်အတွင်းက ကမမောင်းမြို့၊ ကတိုင်တိဒေသကနေတစ်ဆင့် ဖာပွန်မြို့ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီတပ် BGF ပူးပေါင်းစစ်ကြောင်းကို KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူးအပါအဝင် တပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့ပြီး ကမမောင်းကို ပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်။

အဲဒီစစ်ကြောင်းဟာ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝိုင်းပိတ်ထားတဲ့ ဖာပွန်စစ်ဗျူဟာဘက်ကို စစ်ကူပေးပို့နိုင်ဖို့အတွက် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ပြီး ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် ကမမောင်းမြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကလည်း ဖာပွန်မြောက်ဘက် တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ နယ်မြေအစပ်ကြားမှာ စစ်ကြောင်းချိန်းမယ့် စစ်ကောင်စီစစ်ကြောင်း ချေမှုန်းခံရတာကြောင့် တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ သေဆုံးသွားခဲ့ကာ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- ပေးပို့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.