မော်လမြိုင်၊ အောက်တိုဘာလ ၁၈

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ အရပ်သား ၂၀ ဦး သတ်ဖြတ်ခံရပြီး ၃၀၀ ကျော် ဖမ်းဆီးခံရတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၁၇ ဦးအထိ ရှိခဲ့တာပါ။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဒလန်ခေါင်းစဉ်နဲ့ သတ်ဖြတ်ခံရသူတစ်ဦး ၊ ကျန်နှစ်ဦးကတော့ လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံခဲ့ရတာပါ။

မြို့နယ်အလိုက် အရပ်သားသတ်ဖြတ်ခံရမှုအရ လောင်းလုံးမြို့နယ်မှာ ခုနှစ်ဦး၊ ပုလောနဲ့ တနင်္သာရီမြို့နယ်မှာ ငါးဦးစီ၊ ရေဖြူ၊ ဘုတ်ပြင်းနဲ့ထားဝယ်မြို့နယ်တို့မှာ တစ်ဦးစီပါဝင်ပါတယ်။

ဖမ်းဆီးခံရမှုမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းအကြောင်းပြဖမ်းဆီးတာ၊ ကျေးရွာတွေကို စစ် ကြောင်းထိုးချိန် အကြောင်းမဲ့ဖမ်းဆီးတာတွေကြောင့် ၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ ၁၇၅ ဦးသာ ပြန်လွတ်လာခဲ့တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း တနင်္သာရီတိုင်းမှာ အရပ်သား ၁၉ ဦး သတ်ဖြတ်ခံထားရပြီး ၂၃၀ ကျော်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.