မော်စကို၊ အောက်တိုဘာ ၁၇

လာမယ့် သီတင်းပတ်ကျရင် ကျင်းပမယ့် BRICS ညီလာခံမှာ ရုရှားက အနောက်တိုင်းရဲ့ အရေးယူ ပိတ်ဆို့မှု ဒဏ်ကို ခံနိုင်မယ့် နိုင်ငံတကာ ငွေပေးချေမှုအတွက် လမ်းကြောင်းအသစ် တစ်ခု တည်ဆောက်ရေး အဖွဲ့ဝင် နိုင်ငံတွေကို စည်းရုံးဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ အပြင် အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နဲ့ ယူအေအီးတို့အပါအဝင် အဖွဲ့ဝင်တွေ တိုးလာတဲ့ BRICS အဖွဲ့ကို ကမ္ဘာ့နိုင်ငံရေးနဲ့ ကုန်သွယ်ရေးမှာ အနောက်တိုင်းကို တုံ့ပြန်နိုင်တဲ့ အင်အားကြီး အဖွဲ့တစ်ဖွဲ့အဖြစ် တည်ဆောက်ဖို့ သမ္မတ ဗလာဒီမာ ပူတင်က ဆန္ဒပြင်းပြနေတာ ဖြစ်ပါတယ်။

ကာဇန်မြို့မှာ အောက်တိုဘာ ၂၂ ရက်ကနေ ၂၄ ရက်အထိ ကျင်းပမယ့် အဲဒီ ညီလာခံကို မော်စကိုမှာ ကျင်းပတာဟာ ရုရှားကို အထီးကျန်စေဖို့ အနောက်တိုင်းရဲ့ ကြိုးပမ်းမှုတွေ မအောင်မြင်ကြောင်း ပြသလိုတဲ့အတွက် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။

ရုရှားက ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်ကို ပြုပြင်ပြောင်းလဲပြီး အမေရိကန်ဒေါ်လာ ကြီးစိုးထားမှု အဆုံးသတ်စေရေး သူတို့နဲ့ အလုပ်တွဲလုပ်နေတဲ့ နိုင်ငံတွေက လုပ်ဆောင်ပေးကြဖို့ အလိုရှိနေပါတယ်။

BRICS အဖွဲ့ဝင်တွေရဲ့ ဗဟိုဘဏ်တွေကနေ တစ်ဆင့် နိုင်ငံအချင်းချင်း ချိတ်ဆက်ထားတဲ့ စီးပွားရေးဘဏ်ကွန်ရက် တစ်ခုကို အခြေခံတဲ့ ငွေပေးချေမှု စနစ်သစ် တစ်ခု ဖော်ဆောင်ရေး အဆိုပြုမှာ ဖြစ်ကြောင်း ရုရှား ဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက စီစဉ်ထားတဲ့ စာရွက်စာတမ်းတွေ အရ သိရပါတယ်။

အဲဒီ စာရွက်စာတမ်းတွေကို ညီလာခံ မတိုင်ခင် ဂျာနယ်လစ်တွေဆီ ရုရှားက ဖြန့်ဝေပေးထားပြီး ဖြစ်ပါတယ်။

အဲဒီစနစ်က ဒေါ်လာနဲ့ ငွေပေးချေစရာ မလိုဘဲ အဖွဲ့ဝင်နိုင်ငံ အသီးသီးရဲ့ ငွေကြေးနဲ့ ထောက်ခံထားတဲ့ ဒီဂျစ်တယ် တိုကင်တွေကို သိမ်းဆည်း လွှဲပြောင်းနိုင်မယ့် နည်းပညာကို အသုံးပြုမှာ ဖြစ်ပါတယ်။

ဒီလို လုပ်ခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံတွေရဲ့ ငွေကြေးတွေကို လုံခြုံ စိတ်ချစွာ လွယ်လွယ်ကူကူ လွှဲပြောင်းနိုင်မှာ ဖြစ်ပြီး အမေရိကန် ဒေါ်လာနဲ့ ပေးချေစရာ လိုတော့မှာ မဟုတ်တော့ပါဘူး။

တရုတ်လို ရင်းနှီးတဲ့ နိုင်ငံတွေနဲ့တောင်မှ ကုန်သွယ်ရေးဆိုင်ရာ ငွေပေးချေမှုတွေမှာ ကြုံနေရတဲ့ ပြဿနာတွေ ပိုများလာမှုကို ဒီနည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ရုရှားက မျှော်လင့်ထားပါတယ်။

ဒီလို စနစ်မျိုးဖော်ဆောင်တာက နည်းပညာအရ ဖြစ်လာနိုင်ပေမယ့် အချိန်ယူရလိမ့်မယ်လို့ တတ်သပညာရှင်အဖွဲ့ BRICS+ Analytics တည်ထောင်သူ ယာရိုစလေ့ဗ် လစ်ဆိုဗိုလစ်က ပြောပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF လို လက်ရှိ အဖွဲ့အစည်းတွေဟာ အနောက်နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေအတွက် အလုပ်လုပ်နေကြတာ ဖြစ်တယ်လို့ ရုရှားက စွပ်စွဲထားပါတယ်။

ရုရှား ဘဏ္ဍာရေး ဝန်ကြီး အန်တွန် ဆီလူနော့ဗ်က IMF လိုပဲ ဘဏ္ဍာရေး အဖွဲ့အစည်းကြီး တည်ထောင်ဖို့ BRICS အဖွဲ့ဝင် နိုင်ငံတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်တွန်းထားတာဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.