သရက်ချောင်း၊ အောက်တိုဘာ ၁၇

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာမှာ သန်းခေါင်စာရင်းကောက်ယူဖို့အတွက် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရတာကြောင့် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

အင်အား ၈၀ ဝန်းကျင်နဲ့ ထားဝယ်အခြေစိုက် ခလရ ၂၅ တပ်ရင်းမှ သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာထဲမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာပါ။

၆၀ မမ ဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကို အတည်ပြုနိုင်ခဲ့ပြီး သေဆုံးတာကိုတော့ မသိရသေးဘူးလို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ သန်းခေါင်စာရင်းကောက်ယူဖို့အတွက် ရန်တောင်ကျေးရွာထဲက လမ်းကြိုလမ်းကြားတွေမှာပါ လုံခြုံရေး အင်အားအများအပြားနဲ့ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်ခဲ့ပြီး သန်းခေါင်စာရင်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ရန်တောင်ကျေးရွာမှာ သန်းခေါင်စာရင်း ကောက်ယူမှု ရပ်နားပြီး အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းမှာ ထားဝယ် တပ်စခန်းနဲ့ သရက်ချောင်း အခြေစိုက်တပ်စခန်းတွေကို ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သရက်ချောင်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူဖို့အတွက် လုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဆရာမ ၉ ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာကြောင့် ကျောင်းဆရာမတချို့ဟာ သန်းခေါင်စာရင်းကောက်ယူဖို့အတွက် ငြင်းဆန်တာနဲ့ တိမ်းရှောင်တာတွေ ရှိနေပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကောက်ယူသွားမယ်လို့ ဆိုထားပေမယ့် လက်ရှိမှာ စာရင်းကောက်ယူတာတွေ မပြီးစီးသေးတဲ့အတွက် အောက်တိုဘာ ၃၁ ရက်နေ့အထိ ထပ်တိုးကောက်ယူသွားမယ်လို့ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.