နေပြည်တော်၊ အောက်တိုဘာ ၁၇

လာမယ့် နိုဝင်ဘာလမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ရင်းနှီးတဲ့ မဟာမိတ် တရုတ်နိုင်ငံသို့ သွားရောက်မှာ ဖြစ်ကြောင်း စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ခုက အေအက်ဖ်ပီ သတင်းဌာနသို့ အောက်တိုဘာ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလထဲမှာ စစ်ခေါင်းဆောင် တရုတ်ကို သွားဖို့ စီစဉ်ထားတဲ့အကြောင်း၊ အဲဒီခရီးစဉ်က တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ သြဂုတ်လ မြန်မာနိုင်ငံခရီးစဉ်မှာကတည်းက စီစဉ်ထားတာ ဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ နောက်လထဲ တရုတ်ကို သွားမယ့်အကြောင်း နောက်သတင်းရင်းမြစ်တစ်ခုကလည်း ပြောဆိုထားပါတယ်။အဲဒီသတင်းရင်းမြစ် နှစ်ခုလုံးက မီဒီယာမှာ အမည်မဖော်ပြဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့အတွက် ရန်ကုန်မြို့ရှိ တရုတ်သံရုံးကို အေအက်ဖ်ပီသတင်းဌာနက ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတဝန်းမှာ တော်လှန်ရေး တပ်တွေနဲ့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာက အရေးယူ ပိတ်ဆို့ထားချိန်မှာ တရုတ်ဟာ စစ်ကောင်စီရဲ့ အဓိက မဟာမိတ်၊ လက်နက် ထောက်ပံ့ပေးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဘေဂျင်းအစိုးရဟာ တရုတ်-မြန်မာနယ်စပ်နားမှာ နယ်မြေတွေ သိမ်းပိုက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ဆက်ဆံရေးကို ထိန်းသိမ်းထားတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေထဲက တချို့ဟာ ရှမ်းမြောက်မှာ စစ်ကောင်စီဆီကနေ နယ်မြေတွေ သိမ်းပိုက်ထားတဲ့အတွက် တရုတ်နဲ့ ဆက်သွယ်ထားတဲ့ အရေးပါတဲ့ ကုန်သွယ်ရေး အဝေးပြေးလမ်းမတလျှောက်မှာ ယာဉ်အသွားအလာတွေ အနှောင့်အယှက် ဖြစ်နေပါတယ်။

ရှမ်းပြည်နယ်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ထိစပ်နေပြီး ဘေဂျင်းရဲ့ ဒေါ်လာ ထရီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရပ်ဝန်း တစ်ခု လမ်းကြောင်း တစ်ခု စီမံကိန်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားနေတဲ့ မြန်မာနယ်စပ်ရှိ အွန်လိုင်း လူလိမ်ဂိုဏ်းကိုတွေကို နှိမ်နှင်းဖို့ စစ်ကောင်စီရဲ့ ပျက်ကွက်မှုနဲ့ ပတ်သက်လို့ ဘေဂျင်းနဲ့ နေပြည်တော်တို့ကြား ဆက်ဆံရေးဟာ ပြီးခဲ့တဲ့နှစ်က အေးစက်စက် ဖြစ်နေခဲ့ပါတယ်။

အဲဒီလူလိမ်ဂိုဏ်းတွေမှာ တရုတ်နိုင်ငံသားတွေနဲ့ လူကုန်ကူးခံရတဲ့ တခြားနိုင်ငံခြားတွေကို ဝန်ထမ်းအဖြစ် ခန့်ထားပြီး ဒီလုပ်ငန်းနယ်ပယ်ဟာ ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

နောက်ပိုင်းမှာ ရှမ်းပြည်နယ်တဝန်း ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ထိုးစစ်ကို တရုတ်က မီးစိမ်းပြခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှု လုပ်မယ့် အစီအစဉ်ကို ထောက်ခံကြောင်း သြဂုတ်လမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားပါတယ်။

အတိုက်အခံပါတီတွေ တော်တော်များများ တားမြစ်ခံထားရပြီး နိုင်ငံတဝန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေချိန် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ တော်လှန်ရေး အင်အားစုတွေက ပြောဆိုထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီး နောက်ပိုင်း သူ့ရဲ့ နောက်ထပ်မဟာမိတ်နဲ့ လက်နက် ထောက်ပံ့ပေးနေသူ ရုရှားဆီကို အကြိမ်ကြိမ် သွားရောက်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ်ကျမှသာ သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံနိုင်ခဲ့တာဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.